သင်္ကြန်ကို အခွင့်ကောင်းယူကာ Day ကလပ်ပုံစံ အလုံပိတ်အခန်းများတည်ဆောက်မှု လုံးဝလက်မခံ

သင်္ကြန်ကို အခွင့်ကောင်းယူကာ Day ကလပ်ပုံစံ အလုံပိတ်အခန်းများတည်ဆောက်မှု လုံးဝလက်မခံ

ရန်ကုန်၊ ဧပြီလ ၁ဝ ။    ။ ယခုနှစ်တွင် Day ကလပ်ပုံစံ အလုံပိတ်အခန်းများ ထည့်သွင်းတည်ဆောက်ခြင်းကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း သင်္ကြန်လုံခြုံရေးအဖွဲ့အစည်းထဲတွင်ပါဝင်သည့် အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ ခွဲ(ရန်ကုန်) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး သိန်းဦးက ပြောသည်။

ယခင်နှစ်ကသင်္ကြန်ကာလတွင် မဏ္ဍပ်များ ဆောက်လုပ်ရာ၌ အလုံပိတ်အခန်းများ ထည့်သွင်းတည်ဆောက် မှုများရှိခဲ့ပြီး ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အပြုအမူများနှင့် အရက်သေစာ၊မူးယစ်ဆေးဝါးများကို အဆိုပါ အလုံပိတ်အခန်းများအတွင်း ပြုလုပ်ခဲ့သဖြင့် ဝေဖန်မှုများရှိခဲ့သည်။

" ကျွန်တော်တို့က ယာဉ်ထိန်းဆိုပေမယ့်လည်း လုံခြုံရေးအဖွဲ့အစည်းထဲမှာပါတဲ့အတွက် ဒါမျိုးတွေက လက် မခံပါဘူး။ သင်္ကြန်မတိုင်ခင် သူတို့တပ်ဆင်ထားတဲ့ဟာတွေကို လုံခြုံရေးကိစ္စရပ်တွေနဲ့ သင်္ကြန် မဏ္ဍပ်စစ် ဆေးရေးကော်မတီရှိတယ်။ ကြံ့ခိုင်ရေးအပိုင်းတွေရော၊ ဒါတွေ(အလုံပိတ်အခန်းများ)ရော စစ်ဆေးပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု  ဒုရဲမှူးကြီး သိန်းဦးက ပြောသည်။

ဧပြီလ ၁ဝ  ရက်နေ့၊ နံနက်ပိုင်း၊ ရန်ကုန်မြို့၊ ၅၁ လမ်းတွင် ရှိသည့် အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးတွင် ပြုလုပ် ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

" အဲ့ဒီလို အလုံပိတ်ခန်းတွေကို မနှစ်က တချို့လုပ်လို့ ချက်ချင်းဖျက်ခိုင်းလိုက်တယ်။ ဒီနှစ်လည်း လက်မခံပါ ဘူး။ ခွင့်မပြုပါဘူး။ မဏ္ဍပ်စည်းကမ်းချက်တွေအများကြီးရှိပါတယ်။ အဓိကတော့ ကျွန်တော်တို့က ပြည်သူလူထု တွေ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ပါးပါးနဲ့ မဟာသင်္ကြန်ကို ကုန်ဆုံးဖို့ ဖြစ်ပါတယ်။ သို့သော်လည်း တချို့က ဒီသင်္ကြန်ကို အခွင့်ကောင်းယူပြီးတော့ ပြောမယ်ဆိုရင် စီးပွားရေးဆန်တဲ့ သဘောမျိုးလေးပေါ့။ ဒါမျိုးလုပ်တာ တွေကိုတော့ ကျွန်တော်တို့ လက်မခံပါဘူး"ဟု အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ ခွဲ(ရန်ကုန်) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး သိန်းဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား စုစုပေါင်းမှာ ၁ဝ၆၈ ဦးရှိပြီး ယင်းအထဲမှ ၁ဝဝ၂ ဦးမှာ  သင်္ကြန်ကာလအတွင်း တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီး ကျန် ၆၆ ဦးမှာ ဆေးခွင့်ယူထားသူများနှင့် သင်တန်းသွားရောက်နေသူများဖြစ်ကြောင်းသိရသည်။

" အထူးသဖြင့် ယာဉ်မောင်းကြမယ််ဆိုရင် အရက်သေစားသောက်စားမှု လုံးဝမပြုလုပ်ဖို့နဲ့ မူးယစ်ဆေးဝါးတွေ လည်း သောက်စားမှု လုံးဝမပြုလုပ်ဖို့ ဒါလေးတွေကို အထူး သတိပေးလိုပါတယ်။ တကယ်လို့ အရက်သေစား သောက်စားမောင်းနှင်တာတို့ မူးယစ်ဆေးဝါးသုံးစွဲပြီးတော့ မောင်းနှင်လာတာတို့ ကျွန်တော်တို့ စစ်ဆေးတွေ့ရှိ မယ်ဆိုရင်တော့ တည်ဆဲဥပဒေနဲ့အညီ ထိထိရောက်ရောက်နဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ရန်ကုန်အနောက်ပိုင်းခရိုင်၊ အမှတ် ၇ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးအောင်မြင့်က ပြောသည်။

သင်္ကြန်ကာလအတွင်း ယာဉ်များကို စက်ပျက်၍ လမ်းလယ်တွင် ရပ်ထားပါက ကရိန်းယာဉ်များဖြင့် ဆွဲယူ မည်ဖြစ်ပြီး အချက်အချာကျသော လမ်းဆုံ၊ လမ်းခွ၊ မီးပွိုင့်များတွင် CCTV ကင်မရာများတပ်ဆင်ထားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှုများကို စောင့်ကြည့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ မဟာသင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများမှာ ၂ဝ၁၄ ခုနှစ်တွင် ၆၂ မှု၊ ၂ဝ၁၅ ခုနှစ်တွင်  ၅ဝ မှု၊ ၂ဝ၁၆ ခုနှစ်တွင် ၁၆ မှု၊ ၂ဝ၁၇ ခုနှစ်တွင် ၅၅ မှု၊ ၂ဝ၁၈  ခုနှစ်တွင် ၃၈ မှုဖြစ်ပွားခဲ့ကြောင်း  ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

မကြာခင်ကျရောက်တော့မည့် မဟာသင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မဏ္ဍပ်အကြီး ၁၄ ခု၊ မဏ္ဍပ် အလတ် ၁၃ ခု၊ လမ်းလျှောက်သင်္ကြန် ၅ ခု၊ စုစုပေါင်း ၃၂ ခုရှိပြီး ကနဦးက ရခိုင်ရိုးရာသင်္ကြန်ကျင်းပရန် စီစဉ်ခဲ့ သော်လည်း လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly