အတာသင်္ကြန်တွင်ဘာလီ၌ လေ့ကျင့်ရေးများကိုသာ ကြိုးစားနေမည့်အန်တိုနီယာ

အတာသင်္ကြန်တွင်ဘာလီ၌ လေ့ကျင့်ရေးများကိုသာ ကြိုးစားနေမည့်အန်တိုနီယာ

မြန်မာ့ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား အန်တိုနီယာကမိမိအနေဖြင့် ယခုနှစ် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ရှိ Bali MMA လေ့ကျင့်ရေးစင်တာတွင် လေ့ကျင့်မှုများနှင့်သာ နပမ်းလုံးနေရမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

အန်တိုနီယာသည်ONE:Reign of Valor ပြိုင်ပွဲကြီးတွင် မလေးရှားနိုင်ငံသူAudreylauraBoniface ကို ဒုတိယအချီတွင် အလဲထိုးကာ အနိုင်ရရှိခဲ့ပြီးနောက်မွေးရပ်မြေတွင် ခေတ္တမျှသာ အနားယူခဲ့ပြီး ဧပြီလ ၂ ရက်နေ့တွင် Bali MMA တွင် ပြန်လည်စခန်းသွင်း လေ့ကျင့်မှုများ ပြလုပ်လျက်ရှိသည်။

“သင်္ကြန်ပြန်လာမှာလားလို့ မေးကြတဲ့သူတွေရှိတယ်။ ဘာအစီအစဉ်မှ မရှိပါဘူး။ ဘာလီမှာ လေ့ကျင့်ရေး အစီအစဉ်တွေကိုပဲ သင်္ကြန်တွင်းမှာ ဆက်တိုက်လုပ်နေရမှာပါ” ဟု အန်တိုနီယာကဆိုသည်။

ဆက်လက်ပြီးအန်တိုနီယာက ၎င်း၏ ဘဝတွင် သင်္ကြန်ကာလတွင်း၌ အမြဲလိုလို အလုပ်ကိစ္စရှိတတ်သဖြင့် အလည်အပတ်မလုပ်ခဲ့ရကြောင်း ဖွင့်ဟပြသည်။

“မြန်မာနိုင်ငံမှာရှိနေတုန်းကလည်း သင်္ကြန်ကာလကို အလုပ်ရှိလို့မလည်ခဲ့ရဘူး။ အခုလည်း ပြည်ပရောက်နေပြီး လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ဆိုတော့ ဘာမှ မလုပ်ရဘူး။ ကိုယ့်ရဲ့ လေ့ကျင့်ရေး အစီအစဉ်က ပိုအရေးကြီးတယ်ဆိုတော့ သင်္ကြန်ကို မြန်မာနိုင်ငံ ပြန်လာဖို့ထက် အလုပ်ကိုပဲ ဦးစားပေးထားပါတယ်” ဟု ကယန်းတိုင်းရင်းသူအန်တိုနီယာကဆိုသည်။

အန်တိုနီယာသည် Bali MMA အသင်းသို့ရောက်ရှိပြီးနောက် တိုက်ခိုက်ရေး စွမ်းရည်များသိသိသာသာ တိုးတက်လာခဲ့ပြီး မတ်ရပ် ထိုးနှက် တိုက်ခိုက်ရေး အပိုင်းသာ ပိုင်နိုင်ကျွမ်းကျင်သော Boxing အားကစားသမား တစ်ဦးအဖြစ်မှ ဂျူဂျစ်ဆုကဲ့သို့ မြေပြင်ချုပ်ကွက်များအပိုင်းတွင် သိသိသာသာ တိုးတက်လာခဲ့သည်။

“လက်ရှိအချိန်မှာတော့မြေပြင်ချုပ်ကွက် အပိုင်းကိုပဲ သေသေချာချာ ထပ်ပြီး လေ့ကျင့်နေပါတယ်။ ဒါပေမဲ့ အားလုံးပေါင်းပြီး လေ့ကျင့်တာတွေလည်း ရှိပါတယ်။ အရင်ကထက်ပိုပြီး ကောင်းလာအောင် အဖက်ဖက်က အားနည်းချက်တွေ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး လေ့ကျင့်နေပါတယ်” ဟု အန်တိုနီယာက လက်ရှိ ၎င်း၏ လေ့ကျင့်ရေးအစီအစဉ်များအကြောင်းကို ပြောကြားခဲ့သည်။

အန်တိုနီယာသည်ONEChampionship ပြိုင်ပွဲကြီးတွင် ၃ပွဲ ကစားထားပြီး၂ပွဲနိုင် တစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသည်။ ၎င်းအနေဖြင့် Boniface ကို အနိုင်ရခဲ့ပြီးနောက် ယုံကြည်မှုများ ပြန်လည်ရရှိလာပြီး လာမည့်ပြိုင်ပွဲများအတွက် အကောင်းဆုံးဖြစ်ရန် အချိန်ပြည့် ပြင်ဆင်လျက်ရှိသည်။

“နောက်ထပ်ပြိုင်ပွဲကတော့၃လ၊ ၄လ လောက် စောင့်ရဦးမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဘက်ကတော့ ပြိုင်ပွဲ ဘယ်တော့ပဲဖြစ်ဖြစ် အမြဲ အဆင်သင့်ဖြစ်အောင် ပြင်ဆင်လေ့ကျင့်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆက်လက်ပြီးအန်တိုနီယာက ၎င်း၏ ပရိသတ်များနှင့် မြန်မာနိုင်ငံသားများအတွက် မြန်မာ့ နှစ်သစ်ကူး သင်္ကြန်အခါသမယ ဆုတောင်းစကားလည်း ပြောကြားခဲ့သည်။

“သင်္ကြန်မှာအားလုံးပဲ ပျော်ရွှင်ကြပါစေ။ ဘေးရန်ကင်းကြပါစေ။ အားလုံး ကောင်းကောင်းမွန်မွန်  ပျော်ပျော်ရွှင်ရွှင်နဲ့ ရေကစားကြရင်း မြန်မာ့ နှစ်ကူး အတာသင်္ကြန်ကို ဖြတ်သန်းနိုင်ကြပါစေ" ဟု အန်တိုနီယာက ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly