ဘာသာခြားများနှင့် ပတ်သက်၍ အစွန်းမရောက်ကြရန် သီတဂူဆရာတော်ကြီး တိုက်တွန်း

ဘာသာခြားများနှင့် ပတ်သက်၍ အစွန်းမရောက်ကြရန် သီတဂူဆရာတော်ကြီး တိုက်တွန်း
ဓာတ်ပုံ-MOI
 

ရန်ကုန်၊ အောက်တိုဘာ ၄။ ။ အမျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်းအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲတွင် ရန်ကုန်မြို့ရှိ အစိုးရပိုင် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ -၁တွင် အောက်တိုဘာ ၄ရက်က ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် သီတဂူဆရာတော်ကြီးက တက်ရောက် အမှာစကားပြောခဲ့ပြီး ဘာသာမတူသူများအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်သွားရန် နှင့် အစွန်းမရောက်ကြရန် တိုက်တွန်းမိန့်ကြားခဲ့သည်။

“ဆူပူသောင်းကျန်းခြင်းကို ကျော်ဖြတ်၍ ငြိမ်းချမ်းစွာ အတူနေထိုင်သွားကြပါစို့။ ကြီးကျယ်မြင့်မြတ်သော သည်းခံခြင်းတရားကို လက်ကိုင်ထား၍ မည်သည့်ဘာသာ အဖွဲ့အစည်းနဲ့မဆို ငြိမ်းချမ်းစွာနေထိုင်သွားကြပါစို့ ငြိမ်းချမ်းစွာလက်တွဲနေထိုင်ရေးကို ဒီနေရာကနေပြောလိုပါတယ်” ဟုသီတဂူ ဆရာတော်က မိန့်ကြားသည်။

သာသာမတူသူများနှင့် ငြိမ်းချမ်းစွာလက်တွဲနေထိုင်သွားမည်ဖြစ်ကြောင်းနှင့် အချင်းချင်း အပြန်အလှန်နားလည်မှု တည်ဆောက်ကြရန်၊ ဘာသာရေး အဖွဲ့အစည်းအချင်းချင်း လေးလေးစားစား တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရိုသေလေးစားစွာ ဆက်ဆံသွားကြရန်၊ ဘာသာရေးအဖွဲ့အစည်းတစ်ခုက အခြားဘာသာရေးအဖွဲ့ရဲ့ အတွင်းကို စွက်ဖက်ဝင်ရောက်ခြင်းမပြုဘဲ ငြိမ်းချမ်းစွာနေထိုင်သွားကြရန် စသည့် အချက်၅ခုကို ဆရာတော်မှ မိန့်ကြားခဲ့သည်။

သံဃာတော်များအနေဖြင့် နိုင်ငံရေးလုပ်ဆောင်သကဲ့သို့ အမေးမြန်းခံရခြင်းမှာ နယ်ကျွံလုပ်ဆောင်ချက်များကြောင့် ဖြစ်ကြောင်းကိုလည်း ဆရာတော်က မိန့်သည်။

“ဒီလို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးလုပ်ကြတော့ သံဃာတေ်ာမြတ်တွေက နိုင်ငံရေးလုပ်သလားလို့ မေးလာကြတယ်။ အချို့သံဃာတော် အရှင်သူမြတ်တွေကလည်း နယ်ကျွံတယ်နဲ့တူပါတယ်၊ ကိုယ့်နယ်ထဲကိုယ်မနေဘဲနဲ့ သူတစ်ပါးနယ်ထဲ ရောက်ကုန်ကြတယ်။ အဲ့ဒီတော့ မေးမြန်းခြင်းခံရတယ်၊ အပြစ်တင်လည်းခံရတယ်။ အဲ့ဒီ့တော့ နယ်မကျွံကြဖို့ တပည့်တော်ကပြောချင်ပါတယ်။” ဟုဆက်လက်မိန့်ခဲ့ပါသည်။

အမျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်းအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲတွင် မဘသအဖွဲ့က အချက်၁၁ချက်ပါဝင်သော ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် မဘသအနေဖြင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မည်သည့် ဘာသာ၊ပါတီ၊ လူမျိုး နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိုထားသည်။ ယင်းအပြင် ပြည်သူများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ကိုယ့်မြို့ရွာ၊ ကိုယ့်ဘာသာကို စောင့်ရှောက်မည့် ကိုယ်စားလှယ်များကိုသာ မဲပေးရန်၊ အမျိူးစောင့်ဥပဒေများကို အစိုးရအဆက်ဆက်ကာကွယ်စောင့်ရှောက်ရန်၊ တရားမဝင် ဝင်ရောက်နေထိုင်သော နိုင်ငံသားမဟုတ်သူများကို ၁၉၈၂ခု မြန်မာနိုင်ငံသားဖြစ်ခွင့် ဥပဒေအတိုင်း ဆောင်ရွက်ပေးရန် စသည်တို့ကိုလည်း ထည့်သွင်း တိုက်တွန်းထားသည်။

ယင်းအပြင် မဘသ၏ လိုဂိုအမှတ်တံဆိပ်ကို အသုံးပြုကာ နိုင်ငံရေးလှုံ့ဆော်နေမှုများကို ရပ်တန်းက ရပ်ရန် နှင့် ဓမ္မစက်နှင့် တားမရပါက အာဏာစက်ကို ပို့ရမည်ဟု မဘသဆရာတော်တစ်ပါးဖြစ်သော ဒေါက်တာ အရှင်ဓမ္မပီယက မိန့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required