အပြင်းအထန် ဝေဖန်ခံနေရတဲ့ သတင်းတုဥပဒေနဲ့ ပတ်သက်ပြီး စင်ကာပူဝန်ကြီးချုပ် ခုခံကာကွယ်ပြော

အပြင်းအထန် ဝေဖန်ခံနေရတဲ့ သတင်းတုဥပဒေနဲ့ ပတ်သက်ပြီး စင်ကာပူဝန်ကြီးချုပ် ခုခံကာကွယ်ပြော

စင်ကာပူ၊ ဧပြီ ၉ ။              ။ အလည်အပတ် ရောက်ရှိလာတဲ့ မလေးရှားဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ စင်ကာပူဝန်ကြီးချုပ်က အပြင်းအထန် ဝေဖန်ခံနေရတဲ့ ၎င်းတို့အစိုးရ အဆိုပြုထားတဲ့ သတင်းတုဥပဒေနဲ့ ပတ်သက်ပြီး ခုခံကာကွယ် ပြောပါတယ်။

ဒါပေမယ့် မလေးရှားဝန်ကြီးချုပ် မဟာသီယာကတော့ ဒီလို ဥပဒေမျိုးကို အစိုးရတွေက အလွဲသုံးစား လုပ်နိုင်တာအတွက် စိုးရိမ်ကြောင်း ဆိုပါတယ်။

စင်ကာပူအစိုးရ အဆိုပြုထားတဲ့ သတင်းတုဥပဒေနဲ့ ပတ်သက်ပြီး မီဒီယာလွတ်လပ်ခွင့်အုပ်စုတွေနဲ့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ အပြင်းအထန် ဝေဖန်ခံရပြီးနောက်မှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဒီဥပဒေဟာ အွန်လိုင်းပေါ်က သတင်းမှားတွေကို တိုက်ဖျက်ဖို့ စတင်တာဖြစ်တယ်လို့ ဧပြီ ၉ ရက်က အခု သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ပြောဆိုတာ ဖြစ်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တင်းကြပ်တာနဲ့ နိုင်ငံရေးအခွင့်အရေးတွေကို အာဏာသုံးနှိပ်ကွပ်တာတွေကြောင့် တော်တော်များများ ဝေဖန်ခံရတဲ့ စင်ကာပူနိုင်ငံဟာ ပြီးခဲ့တဲ့အပတ်ကစပြီး သတင်းတုတိုက်ဖျက်ရေး တင်းကြပ်တဲ့ လုပ်ငန်းစဉ်ကို စတင်ဖော်ဆောင်လာခဲ့တာပါ။

အခု အဆိုပြုထားတဲ့ ဥပဒေအရ သတင်းတုလို့ အာဏာပိုင်တွေက ယူဆတဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး သတိပေးချက် ထုတ်ဖို့ ဖေ့ဘုတ်၊ ဂူဂဲလ်နဲ့ တွစ်တာတို့လို ဆိုက်တွေကို ဝန်ကြီးတွေက ညွှန်ကြားအမိန့်ပေးနိုင်တဲ့ အာဏာကို ပေးအပ်ထားပါတယ်။

ဒီထက်ပို လွန်ကဲလာရင် ဖယ်ရှားခိုင်းတာနဲ့ ပိုမိုဆိုးဝါးတဲ့ ကိစ္စတွေမှာဆိုရင် ဒဏ်ရိုက်တာ၊ ထောင်ဒဏ်ချမှတ်တာတွေအထိ အပြစ်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာကို ပေးထားတဲ့ ဥပဒေပဲ ဖြစ်ပါတယ်။

အခွင့်အရေး လှုပ်ရှားသူတွေကတော့ စင်ကာပူရဲ့ အခု သတင်းတုဥပဒေဟာ အွန်လိုင်းဆွေးနွေးမှုတွေကို နှိမ်နင်းတာမျိုးအတွက် အသုံးချလာနိုင်သလို ဒီဥပဒေဟာ မပီမပြင် ဝေဝါးနေတဲ့ ဥပဒေတစ်ရပ်ပဲဖြစ်ပြီး အစိုးရကို ဝေဖန်သူတွေကို ပစ်မှတ်ထားလာနိုင်တယ်လို့ ပြောဆိုသတိပေးကြပါတယ်။ ဖေ့ဘုတ်နဲ့ အခြားနည်းပညာကုမ္ပဏီကြီးတွေကတော့ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly