ငပုတောမြို့နယ် ကြိုးဝိုင်းအတွင်း ဆင်ပစ်မုဆိုးများကို လက်နက်များနှင့်အတူ ဖမ်းမိ

ငပုတောမြို့နယ် ကြိုးဝိုင်းအတွင်း ဆင်ပစ်မုဆိုးများကို လက်နက်များနှင့်အတူ ဖမ်းမိ
ဓာတ်ပုံ-ရဲဇာနည်

ဧပြီ ၉ ။           ။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ မဲခရဲသစ်တောကြိုးဝိုင်းအတွင်း ဒေသအခေါ် သစ်စိမ့်ချောင်းဝ ကုက္ကိုပင်အနီး၌ ဆင်ပစ်မုဆိုးဟု ယူဆရသူများကို တူမီးသေနတ် ၁ လက်နှင့် ဆင်ပစ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအတူ ဖမ်းဆီးရမိခဲ့သည်။

ဧပြီလ ၈ ရက်နေ့ နံနက် ၂ နာရီအချိန်က အဆိုပါနေရာတွင် မသင်္ကာဖွယ်လူစိမ်းများ ရောက်ရှိနေကြောင်း သတင်းအရ ကျုံကူးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ယင်းသို့ဖမ်းဆီးခဲ့မိခြင်း ဖြစ်သည်။

သစ်စိမ့်ချောင်းဝကုက္ကိုပင်အနီးတွင် စန္ဒားကျေးရွာနေ မင်းဇော်(၃၂)နှစ် ပါ(၃)ဦးအား အရှည် ၅ ပေ၊ ၃ လက်မ ခန့်ရှိ တူမီးသေနတ် ၁ လက်၊ အရိုးအသွား ၁၅ လက်မခန့်ရှိ ဓားမ ၁ ချောင်း၊ အရိုးအသွား ၁၇ လက်မခန့်ရှိ ဆင်ဦးစီးဓား ၁ ချောင်း၊ အရိုးအသွား ၁၆ လက်မခန့်ရှိ သစ်သားရိုးတပ် မြှားတံ ၁ ချောင်း၊ အဆိပ်များ ထည့်ထားသည့် ပင်နီဆလင်ပုလင်း ၄ လုံး၊ ဆင်ပစ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် မင်းဇော်ပါ ၃ ဦးအား ကျုံကူးနယ်မြေ ရဲစခန်း(ပ)၁၇/၂၀၁၉၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)/(င)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ငပုတောမြို့နယ်၊ ဆင်မကြိုးဝိုင်းအတွင်း ဖေဖော်ဝါရီ ၆ ရက်နေ့က တောဆင်ရိုင်းတစ်ကောင် အရေခွံခွာ၊ နှာမောင်းနှင့်နားရွက် အဖြတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

ဆင်များကို ဆင်စွယ်အတွက်သာမက အရေပြား၊ အသား၊ အမြီး အစရှိသည့် ဆင်တစ်ကောင်လုံးကိုပါ ရောင်းဝယ်ဖောက်ကားနေကြသဖြင့် ဆင်များ အသတ်ခံရမှု တိုးမြင့်လာနေခြင်းဖြစ်သည်။

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်တွင် ရခိုင်ရိုးမနှင့် ထိစပ်လျက်ရှိသည့် ပုသိမ်၊ ငပုတော၊ သာပေါင်း မြို့နယ် များတွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု အများဆုံးဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ စာရင်းများအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ ၇ နှစ်တာကာလအတွင်း ဧရာဝတီတိုင်းရှိ တောဆင်ရိုင်း ၅၉ ကောင်မှာ ဆင်သတ်မုဆိုးများလက်ချက်ဖြင့် သေဆုံးခဲ့သည်။

အဆိုပါ သတ်ဖြတ်မှုများအတွက် ၂၀၁၈ ဇန်နဝါရီလကနေ ဇူလိုင်လအထိ တရားခံ ၃၂ ဦးကို ဖမ်းဆီး ရမိထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required