မြန်မာအလုပ်သမား ၇၅ ဦးကို မလေးရှားနိုင်ငံသို့ တရားမဝင် စေလွှတ်ရန် စီစဉ်သူအား ဖမ်းဆီး

မြန်မာအလုပ်သမား ၇၅ ဦးကို မလေးရှားနိုင်ငံသို့ တရားမဝင် စေလွှတ်ရန် စီစဉ်သူအား ဖမ်းဆီး

မြိတ်၊ ဧပြီ (၉) ။             ။   မြန်မာ- ထိုင်း မောတောင်နယ်စပ်ဂိတ်၌ ဧပြီလ ၈ ရက်နေ့က မြန်မာ အလုပ်သမား (၇၅) ဦးအား မလေးရှား နိုင်ငံသို့ တရားမဝင် စေရန်လွှတ်ရန် စီစဉ်သူ အမျိုးသမီး တစ်ဦးကို ဖမ်းဆီးထားကြောင်း မောတောင်နယ်မြေ ရဲစခန်းထံမှ သိရ သည်။

 အဆိုပါ မြန်မာအလုပ်သမား (၇၅) ဦးကို တရားမဝင် စေလွှတ်ရန် စီစဉ်ဆောင်ရွက်နေသူ ဒေါ်သန်းသန်းစိုး (ခ) မစိုး (၄၉) နှစ်၊ မြိတ်မြို့ နေသူသည်၊ မောတောင်မြို့၊ မြို့မရပ်ကွက် ပြည်ထောင်စု (၂) လမ်းရှိ ၄င်း၏ နေအိမ် တွင် ထမင်းရောင်းကာ နေရာချထားပေးပြီး ထိုင်းနိုင်ငံဘက်နှင့် ချိတ်ဆက်၍ မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 တရားမဝင် မြန်မာအလုပ်သမားများကို အကျိုးဆောင်လုပ်ငန်းလိုင်စင်မရှိဘဲ ချိတ်ဆက် ဆောင်ရွက်ပို့ဆောင် နေသူကို အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ နေပြည်တော်၏ ၂၀၁၉ ခုနှစ် ဧပြီ ၂ရက် ရက်စွဲပါ စာအမှတ်၊ ၃/၂၇/ အလည (ရွှေ့ပြောင်း) ၂၀၁၉ (၉၇၃၁) စာအရ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် စစ်ဆေး တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မောတောင်နယ်မြေ ရဲစခန်း၏ မှုခင်းမှတ်တမ်းအရ သိရသည်။

 “တရားမဝင် မြန်မာ အလုပ်သမားများ ပို့ဆောင်နေတယ်လို့ သတင်းပေး တိုင််ကြားထားတာကြောင့် မောတောင်နယ်မြေ ရဲစခန်းမှ သွားရောက် စစ်ဆေး ဖမ်းဆီးခဲ့တာ ဖြစ်တယ်”ဟု မောတောင်နယ်မြေ ရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

 အဆိုပါ ကိစ္စအတွက် ဒေါ်သန်းသန်းစိုး (ခ) မစိုးအား မောတောင်နယ်မြေ ရဲစခန်းမှ (ပ)၅/၂၀၁၉၊ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ- ၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly