ရန်ကုန်မှ ဧရာဝတီသို့ ပြန်သူများအတွက် တိုင်းအစိုးရမှ ကားများ စီစဉ်ပေး

ရန်ကုန်မှ ဧရာဝတီသို့ ပြန်သူများအတွက် တိုင်းအစိုးရမှ ကားများ စီစဉ်ပေး
 အောင်မင်္ဂလာအဝေးပြေးကားဝင်းအား ၂၀၁၉ခုနှစ် မတ်လ ပထမက တွေ့မြင်ရစဉ်။ ဓာတ်ပုံ - သူရ/မဇ္ဈိမ

ဧပြီ ၉ ၊ ပုသိမ် ။              ။ သင်္ကြန်ပိတ်ရက်တွင် ရန်ကုန်မှ ဧရာဝတီတိုင်းသို့ ပြန်မည့်သူများ သွားလာရလွယ်ကူစေရေးအတွက် ကားများ ပြေးဆွဲပေးရန် တိုင်းအစိုးရမှ စီစဉ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက မဇ္စျိမသို့ ပြောသည်။

 ရန်ကုန်တိုင်းဒေသကြီး ပို့/ဆက်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏ ပူးပေါင်းပြီး ဧရာဝတီတိုင်းသို့ အသွား ကားလက်မှတ်များ ရောင်းချပေးမည် ဖြစ်သည်။

 “ နေရပ်ပြန်သူများအတွက် ကားလက်မှတ်တွေကို မနက်ဖြန်ဆို ဒဂုံဧရာဂိတ်မှာရောင်းပေးမှာပါ။ အဓိကတော့ ဧရာဝတီတိုင်းက ရန်ကုန်မှာအလုပ်လုပ်နေသူတွေ ပြန်တာအဆင်ပြေဖို႔အတွက် ညှိနှိုင်းဆောင်ရွက်ပေးတာပါ၊ သင်္ကြန်မတိုင်ခင် ၂ ရက် ပြေးဆွဲပေးမှာပါ” ဟု လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

 ရုံးပိတ်ရက်ကာလရှည် ဖြစ်သော သင်္ကြန်ကာလနီးကပ်လာပါက ဒေသအသီးသီးသို့ ပြန်သူများသဖြင့် ကားလက်မှတ် ဝယ်ယူရခက်ခဲခြင်းများ ဖြစ်ပေါ်တတ်ပြီး အောင်မင်္ဂလာအဝေးပြေးကွင်းတွင် လူအများအပြား ဝယ်ယူမှုများ ရှိနေကြသည်။

 “ ပြန်လာမဲ့သူတွေအတွက် ကျွန်တော် တိုင်းက ပို့/ဆက်ကို ရန်ကုန်တိုင်းက ပို့ဆက်နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက် ဖို ့ပြောလိုက်တယ်။ ရန်ကုန်တိုင်း ပို့/ဆက်က YBS လိုင်းတွေ နဲ့ ညှိနှိုင်းပြီး လုပ်ပေးတာပါ ”ဟု ဝန်ကြီးက ပြောသည်။

သင်္ကြန်ကာလတွင် ကားလက်မှတ်စျေးနှုန်းများကို ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

 ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီးသို့ ပြန်မည်သူများ သွားလာရေးအတွက် ဧပြီလ ၁၀ ရက်နေ့တွင် ကားလက်မှတ်များကို ဒဂုံဧရာတွင် ရောင်းချပေးပြီး၊ကားများကို ဧပြီ ၁၁ ရက်နေ့နှင့် ၁၂ ရက်တို့တွင် ပြေးဆွဲပေးမည် ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရလက်ထက်  ပထမဆုံးအကြိမ် လုပ်ဆောင်ပေးခြင်းလည်းဖြစ်ပြီး ဧပြီလ ၁၀ ရက်၊ နံနက်ပိုင်းမှစတင်ကာ ပုံမှန်စျေးဖြင့် ရောင်းချသွားမည်ဟု သိရကာ ကားအရေအတွက်အတိအကျကိုမူ မသိရှိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly