ဂွါတီမာလာ မြေပြိုမှု သေဆုံးသူ ၁၀၀ နီးပါးရှိလာ၊ ရာချီပျောက်ဆုံးနေဆဲဖြစ်

ဂွါတီမာလာ မြေပြိုမှု သေဆုံးသူ ၁၀၀ နီးပါးရှိလာ၊ ရာချီပျောက်ဆုံးနေဆဲဖြစ်

ဂွါတီမာလာနိုင်ငံ ဂွါတီမာလာစီးတီး မြို့ပြင်ဖက်တွင် မြေပြိုမှုဖြစ်၍ လူနေအိမ်များ မြေများဖုံးလွှမ်းကာ ပိမိနေရာတွင် သေဆုံးသူဦးရေသည် ၁၀၀ နီးပါးရှိလာပြီး နောက်ထပ်သေဆုံး သူဦးရေ မြင့်တက် လာနိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

မြေပြိုမှုဖြစ်ပွားပြီး သုံးရက်မြောက်လာသည့် နေ့အထိ ပျောက်ဆုံးနေသူပေါင်းလည်း ရာနှင့်ချီကာရှိနေ၍ ၎င်းတို့မှာ အသက်ဘေးဖြစ်နိုင်ပြီး သေဆုံးသူမြင့်တက်လာနိုင်သည်။

"လက်ရှိအထိတော့ သေဆုံးသူ ၉၆ ဦးကို ရှာဖွေဖော်ထုတ်နိုင်လို့ အတည်ပြုပေးနိုင်ပါတယ်။ ပျောက်ဆုံးနေသူပေါင်းက ၃၀၀ နီးပါးရှိနေတာပါ။"ဟု မီးသတ်ဌာန ပြောခွင့်ရသူက ပြောသည်။

သေဆုံးသူများတွင် မွေးကင်းစကလေးများအပါအဝင် ငယ်ငယ်ရွယ်ရွယ်ကလေးငယ်များလည်း ပါဝင်ကြောင်း ၎င်းက သတင်းထောက်များအား ပြောခဲ့သည်။

အောက်တိုဘာ ၁ ရက်ညပိုင်းက မိုးများသည်းထန်စွာရွာသွန်းပြီးနောက် ယင်းမြေပြိုမှုကြီးဖြစ်ပွားကာ အိမ်ခြေပေါင်း ၁၂၅ လုံး ပျက်စီးခဲ့သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required