အရပ်သား ၇ ဦးသေဆုံးသည်အထိ ပစ်ခတ်ခဲ့သည့် တပ်မတော်သား ၂ ဦးကို အရေးယူထား

အရပ်သား ၇ ဦးသေဆုံးသည်အထိ ပစ်ခတ်ခဲ့သည့် တပ်မတော်သား ၂ ဦးကို အရေးယူထား

ရန်ကုန် ၊ ဧပြီ ၉ ။                ။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် အနန်းကွင်းကျေးရွာ၌ ဖြစ်ပွားခဲ့သည့် အရပ်သား ၇ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် အမှုတွင် ကျူးလွန်သူ တပ်မတော်သား ၂ ဦးကို ဖမ်းဆီးထားပြီး ဥပဒေအတိုင်း အရေးယူ သွားမည်ဟု တပ်မတော်ဘက်က ဧပြီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်မှုဖြစ်စဉ်ကြောင့် လူ ၇ ဦး သေဆုံးပြီး ၁ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် တပ်မတော်အက်ဥပဒေပုဒ်မ ၇၂ အရ နယ်ဘက်တရားရုံးသို့ လွှဲပြောင်းစစ်ဆေးစေမည်ဟုလည်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားသည်။

 ယင်းအပြင် ပြစ်မှုကျူးလွန်သူ ၂ ဦးအား လက်နက်ဖြင့် ခွင့်မဲ့ပျက်ကွက်မှု ၊ စည်းကမ်းဖောက်ဖျက်မှုများအတွက် စစ်တရားရုံးတွင် ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက် စစ်ဆေးအရေးယူအပြစ်ပေးသွားမည်ဟုလည်း ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ ကမ္ဘာရှား ကားဝပ်ရှော့တွင် ဆိုင်ကယ် ငှားရမ်းရာမှာ စကားများပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ၇ ဦး သေဆုံးပြီး ၁ ဦး ပြင်းပြင်း ထန်ထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများထဲတွင် ကလေးငယ် ၃ ဦးလည်း ပါဝင်သည်။

 ယင်းသို့ ပစ်ခတ်ခဲ့သည့် သူ ၂ ဦးအား လိုက်လံ ဖမ်းဆီးခဲ့ရာ ဧပြီလ ၅ ရက်နေ့ ညနေပိုင်းတွင် တပ်သားမြင့်ဝေ အား ဖာရာကျေးရွာလမ်းဆုံ၌ လည်းကောင်း ၊ ဧပြီလ ၆ ရက်နေ့တွင် တပ်သားငြိမ်းချမ်းအား အနန်းကွင်း ကျေးရွာအထွက်ရှိ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း ၄င်းတို့ကိုင်ဆောင်သည့် လက်နက်ခဲယမ်းများနှင့် အတူ ပြန်လည် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required