ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ လူပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေး ရှိနေသေး

ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ လူပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေး ရှိနေသေး
Photo: Min Min/Mizzima

နေပြည်တော်(ဧပြီ ၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းသဘောသဘာဝအရ ဆက်ဆံရေး မရှိတော့သော်လည်း လူပုဂ္ဂိုလ်အရ ဆက်ဆံရေး ရှိနေကြောင်း နိုင်ငံရေးပါတီတစ်ရပ်ကို ဦးဆောင်တော့မည့် သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် “ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ” အမည်ဖြင့် ပါတီမှတ်ပုံတင်ပြီးနောက် နေပြည်တော်၊ ရာဇသင်္ဂဟလမ်းရှိ ၎င်း၏နေအိမ် A3 တွင် ဧပြီ ၈ရက်၊ ညနေပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိ ဆက်ဆံရေးအပေါ် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် သူရဦးရွှေမန်းက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေရာမှာ လူပုဂ္ဂိုလ်ရဲ့ ဆက်ဆံရေးနဲ့ လုပ်ငန်းရဲ့ ဆက်ဆံရေး နှစ်ခုခွဲဖို့ လိုပါတယ်။ ဒီန့ ပါတီတစ်ရပ် ဖြစ်လာတဲ့အခါကြတော့ လုပ်ငန်းဆက်ဆံရေး မရှိတော့ပါဘူး” ဟု သူရဦးရွှေမန်းက ပြောသည်။

သို့သော် “လူပုဂ္ဂိုလ်ရေးအရတော့ ဆက်ဆံရေး ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၂ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်သို့ ဝင်ရောက်လာသည့် ဒေါ်အောင်ဆန်းဆန်းစုကြည်နှင့် ထိုစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှသည် အလှည့်ကျ ပြည်ထောင်စုလွှတ်တော်နာယက ဖြစ်လာခဲ့သည့် သူရဦးရွှေမန်းတို့၏ နီးကပ်သည့် ဆက်ဆံရေးအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းအကြား သဘောထားမျိုးစုံ ထွက်ပေါ်ခဲ့သည်။

ထို့နောက် ၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်ခဲ့သည့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော်၏ “ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်” တွင် ဥက္ကဋ္ဌအဖြစ် ၂၀၁၆ခုနှစ်အတွင်းက တာဝန်ပေးအပ်ခဲ့သည်။

ယင်းနောက် “ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ” အမည်ဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားပြီးနောက် ရက်သတ္တပတ် သုံးပတ်ခန့်အကြာတွင် NLD ဦးဆောင်သည့် လွှတ်တော်က အထူးကော်မရှင်ကို သက်တမ်းမတိုးဘဲ သူရဦးရွှေမန်း၏ လွှတ်တော်တွင်း အခန်းကဏ္ဍကို နိဂုံးချုပ်ခဲ့သည်။

NLD ၏ ထိပ်ပိုင်းခေါင်းဆောင်များက သူရဦးရွှေမန်း အနေဖြင့် နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြုတော့မည်ဖြစ်ရာ မသင့်တော်၍ ကော်မရှင်ကို ထပ်မံ သက်တမ်းမတိုးပေးတော့ခြင်း ဖြစ်သည်ဟု မီဒီယာများကို ပြောဆိုသည်။

သူရဦးရွှေမန်းကမူ အထူးကော်မရှင်တွင် ၎င်းကို ဆက်လက် တာဝန်ပေးအပ်ခြင်း မပြုရန် ကြိုတင် ညှိနှိုင်းထားခြင်းမရှိဟု အထူးကော်မရှင်ဥက္ကဋ္ဌအဖြစ် လွှတ်တော်တွင် နောက်ဆုံးရုံးတက်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ရက်တွင် ပြောကြားထားသည်။

ပါတီထောင်သည့် အပေါ် ဒေါ်အောင်ဆန်းစုကြည်က မည်ကဲ့သို့ သဘောထားရှိသည်ကို ယနေ့ သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမက မေးမြန်းရာတွင် “ဒါနဲ့ပတ်သက်လို့ ဘာမှ အထွေအထူး မရှိပါဘူး” ဟု သူရဦးရွှေမန်းက ပြန်လည် ဖြေကြားသည်။

မည်သို့ပင်ဆိုစေ ၎င်းဦးဆောင်မည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားအတွက်ဆိုပါက မည်သည့် အဖွဲ့အစည်း၊ ပါတီ၊ လူပုဂ္ဂိုလ်နှင့်မဆို ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

သေဆုံးပြီဟု လူမှုကွန်ယက်တွင် မကြာခန သတင်းမှားများ ထွက်ပေါ်လေ့ရှိသည့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့်ပတ်သက်၍လည်း သူရဦးရွှေမန်းက “လက်ရှိတော့ သူ့နေရာသူနေ၊ ကိုယ့်နေရာကိုယ်နေပြီးတော့ ခုနက သာမန် လူမှုရေးအရ ပြောဆို၊ ဆက်ဆံတဲ့အပေါ်မှာ မူတည်ပြီးတော့ အမျိုးမျိုး ထင်ကြေးတွေနဲ့ ဟိုပြော၊ ဒီပြော ပြောနေတဲ့အတွက် မသွားပါဘူး။ မတွေ့ပါဘူး။ ခုနကပြောတဲ့ သတင်းတွေလည်း လာမေးကြပါတယ်။ သိသမျှတော့ အသက်ရှင် ကျန်းမာလျက် ရှိနေပါတယ်” ဟု ပြောသည်။

လာမည့် ၂၀၂ဝရွေးကောက်ပွဲတွင်မူ တိုင်းဒေသကြီးများတွင်သာ အဓိကထား ယှဉ်ပြိုင်သွားမည်ဟုလည်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်းက မဇ္ဈိမကို ပြောသည်။

“ပြည်နယ်ကိုတော့ အဓိကထားပြီး မစဉ်းစားပါဘူး။ ပြည်နယ်ကိုတော့ တိုင်းရင်းသားတွေကိုပဲ ဦးစားပေးမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတွင် သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် တပ်မတော်အစိုးရလက်ထက်က ပြည်ထဲရေးဒုဝန်ကြီးဟောင်း ဦးဘုန်းဆွေက တာဝန်ယူမည် ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားသော ပါတီ၏ အလံမှာ အဝါရောင်နောက်ခံပေါ်တွင် အနီရောင် ခြောက်ထောင့်ကြယ်ဖြစ်ပြီး ကြယ်၏ အနားကွပ်အရောင်မှာ အနက်ရောင် ဖြစ်သည်။ အနီရောင်ကြယ်၏ ဘေးတွင် ခြောက်ထောင့်ကြယ် ၈လုံးက ဝန်းရံထားပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးစု ၈ မျိုး၏ သင်္ကေတဖြစ်သည်ဟုလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly