လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ဒီကနေ့တော့ မနေ့တုန်းက မပြီးသတ်သေးတဲ့ စရိုက်လက္ခဏာပြအရေးအဖွဲ့ကို ဆက်ပြီးဆွေးနွေးသွားဖို့ရှိပါတယ်။

လူတစ်ယောက်ရဲ့ အပြုအမူ အကျင့်အလေ့ကိုကြည့်ပြီး အဲဒီလူရဲ့ စိတ်နေစိတ်ထားကို အကဲခတ်လို့ရအောင်ရေးတဲ့ အရေးအဖွဲ့ဟာ စရိုက်လက္ခဏာပြအရေးအဖွဲ့ဖြစ်တယ်လို့ ကျနော်တို့ပြောခဲ့ကြပါတယ်။ မနေ့တုန်းက လွတ်လပ်ရေးတိိုက်ပွဲဝင် ရဲဘော်တစ်ဦးက ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ဆေးရုံ႔တက်နေစဉ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အပြုအမူတစ်ခုကိုရေးပြပြီး ဗိုလ်ချုပ်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ ရေးပြခဲ့တာကို ဥပမာတစ်ခုအနေနဲ့ ကျနော် ပြောခဲ့ပါတယ်။ ဒီကနေ့တော့ ဗိုလ်ချုပ်အောင်ဆန်းဟာ တချိန်လုံး နိုင်ငံလွတ်လပ်ရေးအတွေးနဲ့ အချိန်ကုန်တတ်သူ၊ ဒါကြောင့်မို့ တခြားသူတွေနဲ့မတူ အဝတ်အစား သစ်သစ်လွင်လွင်မရှိ၊ သူတို့ခေတ်လူငယ်တွေလို အလှအပမမက်မောနိုင် တကယ့်လူရိုးလူဖြောင့် တစ်ဦးဖြစ်တယ်ဆိုတဲ့ လက္ခဏာကို နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲဘော်ရဲဘက်တစ်ဦးဖြစ်လာသူ ဗိုလ်တာရာက အခုလို ရေးပြခဲ့ဖူးပါတယ်။
……အရပ် ငါးပေသုံးလက်မခန့်မြင့်၍ ဘိုကေတိုတိုတွင် ဖိုးရိုးဖါးရား ဖြီးလိမ်းပြင်ဆင်မှု ကင်းဝေးခဲ့ကြောင်းကို နီကြောင်ကြောင်အရောင်နှင့် ထိုးထိုးထောင်ထောင်ဖြစ်ပျက်နေသည့် အဖြစ်က အတိုင်းသားဝန်ခံ၍နေသော အသားနီစပ်စပ် လူတစ်ယောက်ကို စာသင်ခန်းဝတွင် မပြုံးတပြုံးနှင့် တွေ့ရပါတော့သည်။

ပင်နီကြမ်း အပေါ်ဖုံးအင်္ကျ ီကို ကပိုကရိုဝတ်၍ အောက်ခံ ပေါ်ပလင်အင်္ကျ ီမှာလည်း အရောင်သိတ်မပေါ်ပါ။ အောက်ပိုင်းမှာ ယောလုံချည်အနက်သာလျင် အနက်ရောင်မပျက်ကောင်း၍ တော်တော်ကောင်းနေသည့်အမြင်နှင့် ခြေဖဝါးနှစ်ဖက်တွင် လေယာဉ်ပျံဖိနပ်ကိုစီးထားသည့် ဧည့်သည်တစ်ယောက်ကို ခတ်ကြောင်ကြောင်နှင့် တွေ့ရတော့၏။ ထိုဧည့်သည်၏ ညာဘက်လက်တွင် ရှမ်းလွယ်အိတ်တစ်လုံး ဆွဲကိုင်ထားသည်ကို တွေ့ရပြီး ၎င်း၏မျက်နှာမှာ ကရင်လိုလို ချင်းလိုလိုနှင့် သူကလွဲလျင် အခြားလူများကို ဂရုမစိုက်သည့်မျက်နှာပေါက်မျိုးကို အကဲခတ်၍ ဧကန္တ ဒီလူဟာ လယ်တီစံကျောင်း( ကျွန်တော်တို့ကျောင်း အနောက်ဘက်၌ကပ်လျက်တည်ရှိသည်)ကို လာဖူးရင်း တို့ကျောင်းသားတွေကို စာသင်ပုံမမြင်ဖူး၍ ခေတ္တဝင်ကြည့်သည့် တောနယ်က ဧည့်သည်တစ်ယောက်ပဲဟု မှတ်ချက်ချကာ ခတ်အေးအေး နေလိုက်ပါသည်။
ဒါကတော့ ဗိုလ်တာရာက ဗိုလ်ချုပ်အောင်ဆန်းကို စတင်မြင်တွေ့ဖူးကာစအချိန် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသွင်အပြင်ကို ပြန်ရေးပြခဲ့တာပါပဲ။ နောက်တော့မှ ကျောင်းအုပ်ကြီးက မိတ်ဆက်ပေးမှ ထိုသူမှာ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းမှန်း သိလာရတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။

နောက်ထပ် စရိုက်လက္ခဏာပြအရေးအဖွဲ့တစ်ခု ထပ်ပြီးပြချင်ပါသေးတယ်။ ဒါကလည်း စာရေးဆရာကြီးမောင်ထင်ရဲ့အရေးအဖွဲ့တစ်ခုပါပဲ။
…….ရှုလော့၊ ဤသူကား အောင်ဆန်းပင်တည်း။ ပါးရိုးငေါငေါ၊ မေးရိုးခိုင်ခိုင်၊ မျက်မှောင်ကုတ်ကုတ်၊ ဆံပင်စုတ်ဖွား၊ ရှုကားသိုးသိုး။
အောင်ဆန်းနေသောအခန်းသည် တက္ကသိုလ်ဆံပင်ညှပ်ဆိုင် နောက်ဆွယ်အခန်းဖြစ်သည်။ ဆံပင်ညှပ်ဆိုင်နှင့် နီးလွန်းအားကြီးသောကြောင့် သူ၏ဆံပင် ရှည်နေခြင်းဖြစ်ဟန်တူ၏။
သူ့ဆံပင်သည် ဆီနှင်ဘီးကို တွေ့ဖူးဟန်မတူ။ မသကာ တွေ့ဖူးသည်ဆိုဦးတော့ နောက်ဆုံးတွေ့သောအကြိမ်မှာ အသချေင်္ယ နှစ်ကပ်သုံးကပ်လောက်က ဖြစ်တန်ရာ၏။ ယင်းသို့ ကျွန်တော်ဆိုလျင် ကဲပြောသည်ဟု အပြစ်တင်ခံရဖို့ ရှိ၏။ သို့သော် သူ၏ခေါင်းပေါ်က ငှက်သိုက်က ကျွန်တော်ကဲ၍ပြောလိုက်ကြောင်း သက်သေခံလျက်ရှိနေဘိသို့။ အောင်ဆန်းသည် ရှပ်အကျီ ဆယ့်သုံးခွဲ ဆယ့်လေးလောက်ကို ဝတ်နိုင်သူဖြစ်သည်။ သို့သော် သူ့ကိုယ်ပေါ်က ရှပ်အကျီမှာ အနည်းဆုံး ဆယ့်ခြောက်လောက် ရှိလိမ့်မည်။ ရှိပေမှာပ။ သူဝတ်ထားသောအကျီက သူ့အကျီမှမဟုတ်ဘဲ။ သူဝတ်ထားသောအကျီမှာ ပြာနှမ်းနှမ်းအရောင် “ ယူတီစီ ” ရှပ်အကျီဖြစ်၏။
လုံချည်မှာ ဘယ်လိုလုံချည်ဟု မမှတ်မိ။ ကျွန်တော်မှတ်မိသရွေ့မှာ သူ့လုံချည်သည် ငှားဝတ်ထားသောလုံချည်ဖြစ်ရမည်ဟု တွေးတောမိသည်ကိုသာ မှတ်မိပါသည်။ လုံချည်သည်လည်းကောင်း ယူတီစီရှပ်သည်လည်းကောင်း၊ ဆံပင်ငှက်သိုက်သည်လည်းကောင်း၊ ကျွန်တော့စိတ်ကိုထူးခြားအောင် ဘာမျှ မဆွဲဆောင်နိုင်ခဲ့။ လူထူးလူဆန်းဟူ၍လည်း မထင်မိ။ ဂွစာ ဟူ၍လည်း မယူဆ။
သူ၏ မရယ်မပြုံး ပြုံးစိစိအမူအရ၊ ရှုသိုးသိုးအကြည့်နောက်မှာ မနောက်ဘဲကြည်သောဓါတ်တစ်ခုခု ရှိလမ့်မည်ဟူ၍ကား အကဲခတ်မိ၏။…..

ကဲ ဒါကလည်း နောင်တချိန် တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲတွင် ခေါင်းဆောင်ကြီးဖြစ်လာမည့် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ရွယ်စဉ်စရိုက်ကို ရေးဖွဲ့ထားတဲ့ စရိုက်လက္ခဏာပြအဖွဲ့ပါပဲ။
ကောင်းပါပြီ။ အခုဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကျင့်စရိုက်ကို ဖေါ်ပြတဲ့ စရိုက်လက္ခဏာပြအဖွဲ့တချို့ကို ကျနော်တို့ ဆက်တိုက်လေ့လာခဲ့ကြပါတယ်။ အဲဒိီ စရိုက်လက္ခဏာပြအဖွဲ့အားလုံးက ဘာကို ဦးတည်ပြီးရေးဖွဲ့ထားကြသလဲ။ အဲဒီအရေးအဖွဲ့အားလုံးဟာ ဘယ်အချက်မှာ တစ်ခုနဲ့တစ်ခု ထပ်တူကျနေကြသလဲ။ ကျနော်တို့အားလုံး သိသိသာသာ သတိထားမိနို်င်တဲ့အချက်က အဲဒီအဖွဲ့အနွဲ့အားလုံးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖြစ်သလိုနေ ဖြစ်သလိုစား ဖြစ်သလိုဝတ်ဆင်နေထိုင်တတ်ပုံ တထပ်တည်းအတူတူချည်းပဲဖြစ်နေတာ တွေ့ကြရပါတယ်။ ဒီတော့လည်း ဒီအဖွဲ့အနွဲ့အားလုံးရဲ့ ဦးတည်ချက်ကလည်း တစ်ခုနဲ့တစ်ခု ထပ်တူကျကြတော့မှာ အသေအချာပါပဲ။ စရိုက်လက္ခဏာဖွဲ့ပုံချင်းတူတဲ့အတွက် အဲဒီလိုစရိုက်မျိုးရှိတတ်တဲ့သူဆိုရင် သူ့ရဲ့စိတ်နေစိတ်ထား ဘယ်လိုရှိနေတတ်သလဲဆိုတဲ့မေးခွန်းရဲ့အဖြေကို ကျနော်တို့ အလွယ်တကူ သုံးသပ်လို့ရနိုင်ကြမှာအသေအချာပါပဲ။

ကဲ ဒီကနေ့လည်း စရိုက်လက္ခဏာပြအရေးအဖွဲ့တချို့ ဥပမာပေးပြီး ကျနော်တို့ ဆွေးနွေးခဲ့ကြရင်း ဒီမှာတွင် ခဏ ရပ်နားခွင့်ပြုစေချင်ပါတယ်။ မနက်ဖြန်မှာ ပြန်ဆုံကြသေးတာပေါ့။
လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly