နိုင်ငံတကာပြိုင်ပွဲဆုတံဆိပ်ရ အားကစားသမားများကို ကျပ်သိန်း ၃၀၀ အထိ ဆုကြေးတိုးပေးရန် တင်ပြ

နိုင်ငံတကာပြိုင်ပွဲဆုတံဆိပ်ရ အားကစားသမားများကို ကျပ်သိန်း ၃၀၀ အထိ ဆုကြေးတိုးပေးရန် တင်ပြ
ဓာတ်ပုံ - EPA

နေပြည်တော်၊ ဧပြီ ၈ ရက် ။          ။ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရခဲ့သော အားကစားသမားများကို နိုင်ငံတော်ဘတ်ဂျက်ထဲမှ ဆုကြေး တိုးမြှင့်ပေးရန်နှင့် ရွှေတံဆိပ်ရရှိပါက ကျပ်ငွေ သိန်း သုံးရာခန့်အထိ ဆုချီးမြှင့်ပေးရန် တင်ပြထားသည် ဟု သိရသည်။

ယနေ့ ဧပြီ ၈ ရက်နေ့က ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ အိုလံပစ်ကောင်စီ အစည်းအဝေးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က တင်ပြခဲ့ခြင်း ဖြစ်သည်။

“ဆုရ အားကစားသမားများကို တစ်ဦးချင်းအနေနဲ့ ရွှေတံဆိပ်ရရှိမယ်ဆိုရင် ကျပ်သိန်းသုံးရာ (သို့) ကျပ်သိန်း နှစ်ရာ သို့လည်းကောင်း၊ ငွေတံဆိပ်ရရှိလျှင် ကျပ်သိန်း နှစ်ရာ(သို့) ကျပ်သိန်း တစ်ရာသို့လည်းကောင်း၊ ကြေးတံဆိပ်အနေနဲ့ ကျပ်သိန်း တစ်ရာ(သို့) ကျပ်သိန်း ငါးဆယ် သို့လည်းကောင်း ကျွန်တော်တို့ ဆုချီးမြှင့်ဖို့ အတွက်ကို အထက်ရဲ့ လမ်းညွှန်ရဖို့အတွက် တင်ပြခြင်းဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ထို့အပြင် အသင်းလိုက် ရွှေတံဆိပ်ရရှိလျှင် ကျပ်သိန်း တစ်ရာ(သို့)ခုနစ်ဆယ်၊ ငွေတံဆိပ်ရရှိလျှင် ကျပ်သိန်း ခုနစ်ဆယ်(သို့) သုံးဆယ့်ငါးသိန်း၊ ကြေးရရှိလျှင် သုံးဆယ့်ငါးသိန်း(သို့) တစ်ဆယ့်ငါးသိန်း တို့ကို ချီးမြှင့်ပေးသွားရန် ပြောဆိုခဲ့သည်။

အလားတူ အုပ်ချုပ်မှုအဖွဲ့များအနေဖြင့်လည်း ရွှေရရှိသည့် အဖွဲ့ကို ကျပ်သိန်း တစ်ရာ၊ငွေရရှိလျှင် ကျပ်သိန်း ငါးဆယ်၊ ကြေးရရှိလျှင် ကျပ်သိန်းသုံးဆယ် ချီးမြှင့်ပေးရန် တင်ပြခဲ့ပြီး အားကစားနည်းတစ်ခုတည်းတွင် ရွှေ၊ငွေ၊ကြေး ဆု သုံးမျိုးလုံးရရှိပါက အမြင့်ဆုံးဆုတံဆိပ်ကို ရွေးချယ်ကာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဆုကြေးငွေ တိုးမြှင့်တောင်းဆိုပေးရန်ကိစ္စကို နိုင်ငံတော်အစိုးရအဖွဲ့အစည်းထံသို့ တင်ပြတောင်းဆို သွားမည်ဖြစ်ပြီး အားကစားသမားများအတွက်လည်း ဝမ်းသာမိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောကြားသည်။

“အရင်ကတော့ ပေးတာတော့နည်းပါတယ်။ သိန်းတစ်ရာ၊ ငါးဆယ် ၊သုံးဆယ် ဒီလောက်ပဲ ပေးပါတယ်။ ကျွန်မတို့ကတော့ သုံးရာ တင်ထားပါတယ်။ အခုဟာက သုံးရာ နည်းပါတယ်။ ထပ်ပေးပါဦးဆိုတဲ့ဟာတွေလည်း ကြားရတဲ့အတွက်ကြောင့် အားကစားသမားတွေ အတွက် အင်မတန်မှကို ဝမ်းလည်းဝမ်းသာမိပါတယ်။ အဲ့လိုမျိုးဆိုလို့ရှိရင် သူ့ရဲ့ ဘဝအတွက်က အင်မတန်ကောင်းတဲ့ သူတို့လည်းပိုပြီး Incentive ( မက်လုံး) ရတဲ့အခါ ပိုပြီး မြှုပ်နှံပြီးတော့ ဆောင်ရွက်လာမယ်။ ဒါကတော ့Cabinet တင်ပါမယ်။ နိုင်ငံတော်ရဲ့ အစိုးရအဖွဲ့ ဆီကို တင်ပါမယ်။ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်မှာဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ပြောကြားသည်။

ထိုသို့ ဆုကြေးတိုးမြှင့်ပေးရန် လုပ်ဆောင်နေခြင်းအပေါ် မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးမျိုးလှိုင်ဝင်းက ကောင်းမွန်သည်ဟု သုံးသပ် ပြောဆိုခဲ့သည်။

 “အခုကြတော့ ဒီလိုမျိုး ကြိုပြီးတော့ ပြောထားတဲ့အတွက်ကြောင့် ကစားသမားတွေကလည်း ဒါကို ကြိုးစားမှု ပိုပြီးတော့ ဖြစ်တာပေါ့နော်။ ပထမရရင် တော့ ငါဒီလိုမျိုး ရမယ်ဆိုတဲ့ ပုံစံမျိုးလေး ရှိတော့၊ ပိုပြီးတော့ ကြိုးစား ချင်စိတ်တွေရှိတာ ပိုကောင်းတာပေ့ါ။ အဲ့လိုမျိုးပေးနိုင်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အစောကြီး ကတည်းက Announce လုပ်ထားမှာပေါ့နော်။ ဒီဟာကတော့ အခု လာမယ့် Sea Game ပြိုင်ပွဲမှာ ပထမရရင် တစ်ဦးချင်း သိန်းသုံးရာ၊ သိန်း နှစ်ရာ အဲ့လိုပုံစံမျိုးပေးထားရင် ဒီကစားသမားကလည်း ပိုကြိုးစားအားထုတ်မှု ပိုပြီးတော့ ရှိလာမှာပေ့ါ။ ပိုရည်မှန်းချက် ရှိလာမယ်လေ။ အစ်ကိုကတော့ ကောင်းတယ်လို့ မြင်တယ်”ဟု ဦးမျိုးလှိုင်ဝင်းက ပြောသည်။

အုပ်ချုပ်နည်းပြ နှင့် ကစားသမားများကို လက်ရှိတွင် တစ်နေ့တာ စားစရိတ် သုံးထောင်ကျပ်နှုန်း ကျွေးမွေး နေရာမှ ငါးထောင်ကျပ်သို့ လည်းကောင်း၊ နှစ်ပေါက် စခန်းသွင်းနည်းပြနှင့် ကစားသမားများ၏ ထောက်ပံ့ကြေး ကိုလည်း အေအဆင့်ကို ယခင် တစ်လ တစ်သိန်းကျပ်ပေးရာမှ နှစ်သိန်းသို့လည်းကောင်း၊ ဘီအဆင့်ကို ကျပ်ရှစ်သောင်းမှ ကျပ်တစ်သိန်းခွဲသို့လည်းကောင်း၊ စီအဆင့် ကို ကျပ်ငါးသောင်းနှုန်းပေးရာမှ ကျပ်တစ်သိန်း သို့ လည်းကောင်း တိုးမြှင့်ပေးရန်အတွက် ယနေ့ အစည်းအဝေးတွင်း အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ဆက်လက်တင်ပြခဲ့သည်။

“ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ နှစ်ပေါက်ကျင့်တဲ့အခါမှာ စီအဆင့်အားကစားသမားများဟာ ကျွန်တော်တို့ ငါးသောင်းပေးတဲ့ အခါမှာ သူတို့ရဲ့ မိသားစုစားဝတ်နေရေးအတွက် လက်ရှိမှာ ရေရှည်စခန်းမဝင်နိုင်ဘဲနဲ့ ပြန်သွားတဲ့အခါမှာ ကျွန်တေ်ာတို့က အချိန်ကုန်ငွေကုန်ပြီးတဲ့ အခါမှာ အကျိုးမရှိတဲ့ ဥစ္စာတွေ ပေါ်လာတဲ့ အတွက် အနည်းဆုံးဒီအဆင့်ကိုပေးမှသာနေထိုင်စရိတ်လည်း အခမဲ့ စားသောက်လို့ရမယ် ။ မိဘကိုလည်း တစ်သိန်းပြန်ပေးမယ်ဆိုရင် ကျွန်တော်တို့က ဒါမှသာ ရေရှည်အောင်မြင်နိုင်မယ့် အားကစားနည်းများ တိုးတက်လာမှာဖြစ်ကြောင်း တင်ပြတဲ့အတွက်ကြောင့်ဒါမျိုး တိုးမြှင့်ဆောင်ရွက်ပေးဖို့ အတွက်ကို မူဝါဒအနေနဲ့ ချမှတ်ပေးဖို့အတွက် တင်ပြပေးခြင်းဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောသည်။

ယနေ့ အိုလံပစ်ကောင်စီအဖွဲ့ဝင်များ၏ အစည်းအဝေးတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ် မြင့်နွယ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly