ဗုဒ္ဓမြတ်စွာဘုရားနှင့် တုပဝတ်ဆင်သူကိုအရေးယူပေးရန် တိုင်ကြားစာမှာ အတုသာဖြစ်ဟု သာသနာရေး ထုတ်ပြန်

ဗုဒ္ဓမြတ်စွာဘုရားနှင့် တုပဝတ်ဆင်သူကိုအရေးယူပေးရန် တိုင်ကြားစာမှာ အတုသာဖြစ်ဟု သာသနာရေး ထုတ်ပြန်
  သာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အတုဟု ထုတ်ပြန်ထားသော လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် စာ

ရန်ကုန်၊ ဧပြီလ ၈ ။         ။ " လူမှုကွန်ရက်ပေါ်တွင် ဗုဒ္ဓမြတ်စွာဘုရားနှင့် တုပဝတ်ဆင်ကာ သာသနာညှိုးနွမ်းအောင် ဆောင်ရွက် သူအား ထိန်းသိမ်းအရေးယူပေးရန်ကိစ္စ"ဟူသော အကြောင်းအရာခေါင်းစဉ်ဖြင့် ပျံ့နှံ့နေသည့် တိုင်ကြားစာမှာ သာသနာ ရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ စာမဟုတ်ဘဲ အတုဖြစ်ကြောင်း ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 အဆိုပါ ခေါင်းစဉ်ဖြင့်စာတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စက်မှုကွက်သစ်၊ သီတာ ရေစင်(၁) လမ်းတွင် နေထိုင်လျက်ရှိသော အသက် ၃၅ နှစ်အရွယ် ဦးကျော်စွာအောင် (လူမှုကွန် ရက်အမည်- Saw Seven)ကို သာသနာညှိုးနွမ်းအောင် ဆောင်ရွက်မှုပုဒ်မ- ၁၇၇ အရ အမှုတင်ပို့စွဲ ဆိုနိုင်ရေးအတွက် ဖမ်းဝရမ်း ထုတ်ဆင့်ကာ ဆောလျင်စွာ ထိန်းသိမ်းပေးပါရန် ဧပြီလ ၆ ရက်နေ့ ရက်စွဲဖြင့် သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်း ဝန်ထံသို့ လိပ်မှုလျက်ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။

 " အဲ့ဒီစာ ထုတ်ပြန်ချက်က ကျွန်တော်တို့ဆီက ထုတ်တာမဟုတ်ဘူး။ အတုကြီးဖြစ်နေတယ်။ ခေတ္တ ညွှန်ကြား ရေးမှူးချုပ် မြင့်နိုင်ဆိုပြီးပါတယ်။ အဲ့ဒါ အတုကြီးပါ။ ကျွန်တော်တို့ ဝက်ဆိုဒ်ကလည်း သတင်းထုတ်ပြန်ပြီး သားပါ။ အဲ့ဒါကို အတုဖြစ်တယ်ဆိုတဲ့အကြောင်း။ နောက်ပိုင်း ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်မယ့် ကိစ္စတွေကိုတော့ သတင်းထုတ်ပြန်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်"ဟု  သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက မဇ္စျိမသို့ အတည်ပြုပြောသည်။

လူမှုကွန်ရက်စာမျက်မှာများတွင် ဖော်ပြထားသည့် စာ၏ ခေါင်းစဉ်အရေးအသား၊ စာအမှတ်နှင့် လက်မှတ်ရေး ထိုးထားသည့် ပုဂ္ဂိုလ်အမည်များမှာ သာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ သာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အမည်အား အလွဲသုံးစားပြုလုပ်ကာ စာအမှတ် အတု၊ နာမည်အတုဖြင့် ရေးသားဖော်ထားခြင်းဖြစ်ပြီး  လူမှုကွန်ရက်ဖေ့ဘွတ်ခ်အကောင့် Saw Seven တွင်လည်း ထိုကဲ့သို့ ဖော်ပြထားမှု ရှိ၊ မရှိ ရှာဖွေအတည်ပြုနိုင်မှုမရှိကြောင်း သာသနာရေးမှ ထုတ်ပြန် ထားသည်။

ထိုကဲ့သို့ ဖော်ပြမှုသည် မြင်တွေ့ရသူများ ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ရေးသား ဖော်ခြင်းသာ ဖြစ်ကြောင်းလည်း သာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဧပြီလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ထုတ်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required