လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

ဒီကနေ့ ဆွေးနွေးမယ့်အကြောင်းအရာကတော့ “စရိုက်လက္ခဏာပြအဖွဲ့” အကြောင်းပါပဲ။

ကျနော်တို့ ရှေ့က ဆွေးနွေးခဲ့ကြတာတွေရှိပါတယ်။ လူတို့ စိတ်ကူးနဲ့သာ တွေးဆလို့မြင်ရတဲ့ မြင်ကွင်းနဲ့ လူတွေတိုက်ရိုက်မြင်နိုင်တဲ့မြင်ကွင်းကိုရေးဖွဲ့တဲ့ စကားပြေအရေးအဖွဲ့၊ ပြီးတော့ မြင်ကွင်းငြိမ်၊ လှုပ်ရှားမြင်ကွင်း အဲသလိုအကြောင်းအရာတွေကို ကျနော်တို့ဆွေးနွေးခဲ့ကြပြီးပါပြီ။ ဒီကနေ့ဆွေးနွေးမယ့်အကြောင်းအရာက စရိုက်လက္ခဏာပြအရေးအဖွဲ့အကြောင်းပါပဲ။
မြန်မာ့ဓလေ့ထုံးစံထဲက စကားပုံတချို့ရှိပါတယ်။ “စကား စကား စကားထဲကဇာတိပြ”ဆိုတဲ့ စကားဆိုပါစို့။ လူတစ်ယောက်ဟာ စိတ်နေစိတ်ထား ကြမ်းတမ်းရိုင်းစိုင်းသူဖြစ်တယ်ဆိုတာ သူ့ရဲ့ ပြောဆိုသုံးနှုန်းတဲ့ စကားကိုနားထောင်ကြည့်ရင် သိတယ်ဆိုတဲ့သဘောပါပဲ။ သူ့ဇာတိ သူ့စိတ်ဓါတ်ကို သူပြောတဲ့စကားက ပြနေတယ်ဆိုတဲ့သဘောပါပဲ။
ခြုံပြီးပြောရရင်တော့ လူတစ်ယောက်ရဲ့ ဝတ်ပုံစားပုံ၊ ပြုမှုလှုပ်ရှားပုံ၊ ပြောဆိုသုံးနှုန်းပုံ၊ နောက်ဆုံး မျက်နှာအထားအသိုကအစ လေ့လာကြည့်ရင် အဲဒီလူရဲ့ စိတ်နေစိတ်ထားကို အကဲခတ်လို့ရတယ်လို့ ယေဘုယျ ယူဆနိုင်ပါတယ်။

ဥပမာ လူတစ်ယောက်က နေ့တိုင်း အဝတ်အစား သစ်သစ်လွင်လွင်ဝတ်ပြီး လမ်းလျှောက်တော့လည်း ခေါင်းကိုအမြဲမော့ ရင်ကိုကော့ထားမယ်ဆိုရင် အဲဒီလူဟာ စိတ်ဘဝင်မြင့်နေသူဖြစ်တယ်လို့ ယူဆလို့ရပါတယ်။ ဒါမှမဟုတ် လူတစ်ယောက်ဟာ သားသမီးဆုံးမတာကအစ တုတ်ကြိမ်းဓါးကြိမ်း ပါးစပ်ကလည်း အရုတ်တအနွတ်တ နေ့စဉ်ဆဲဆိုဆုံးမနေမယ်ဆိုရင်လည်း ဒီိလိုမဘမျိုး ဒီလိုလူမျိုးရဲ့စရိုက်ဟာ ခက်ထန်ကြမ်းတမ်းသူဖြစ်တယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ယောက်ကြတော့ စကားဝိုင်းတစ်ခုမှာ စကားထပြောတဲ့အခါ သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေးနဲ့ လေသံကအစ အေးဆေးညင်သာစွာ ပြောဆိုနေတာကိုကြည့်ရင် သူဟာ စိတ်ထားတည်ငြိမ်အေးချမ်းသူဖြစ်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

ဒါက ဘယ်သူ့ရဲ့ အကျင့်စရိုက်ကိုမဆို ဖေါ်ပြနို်င်တဲ့ သူတို့ရဲ့ စရိုက်လက္ခဏာတွေပါပဲ။ ဒါကြောင့်မို့ ကျနော်တို့က စာရေးသူတစ်ဦးရဲ့ စကားပြေအရေးအသားကို လေ့လာတဲ့အခါ ဒီစာရေးဆရာဖေါ်ပြနေတဲ့ ဇာတ်ကောင်ဟာ စိတ်ထားစရိုက်ဘယ်လိုရှိတဲ့ဇာတ်ကောင်ဖြစ်တယ်ဆိုတာ ခန့်မှန်းတွက်ချက်ပြီး ခံစားဖတ်ရှုလို့ရတာ တွေ့နိုင်ကြပါတယ်။

အထင်ရှားဆုံး ဥပမာတချို့ ကျနော်ပြောပါ့မယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးကြသားကြတဲ့ စာရေးဆရာတချို့ရဲ့ စကားပြေအရေးအဖွဲ့ ကိုလေ့လာကြည့်ပါ။ ပထမဦးစွာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖေါ်ကိုင်ဖက် ရဲဘော်ရဲဘက်ဖြစ်လာမယ့် ဗိုလ်ခွန်ဖြူက ဗိုလ်ချုပ်အောင်ဆန်းနဲ့သူ စတင််တွေ့ရှိပုံကို အခုလိုရေးသားခဲ့တာကို လေ့လာကြည့်ကြရအောင်ပါ။ ၁၉၄၀ ပြည့်နှစ်က ဆေးရုံတက်စဉ် သူတွေ့ခဲ့ဖူးတဲ့ လူတစ်ယောက်အကြောင်းကို အခုလိုရေးပြခဲ့ပါတယ်။

……ထိုအချိန်၌ပင် ကျွန်တော်၏ဘယ်ဘက်ဘေး ကုတင်တစ်လုံးပေါ်မှ လူတစ်ယောက်သည် “ ဝေဝေစီစီ ရွှေငွေအလီလီ သာကီဇာနည် မင်းလုပ်ခဲ့တဲ့ နေပြည်” အစချီသော အေဝမ်းရုပ်ရှင်ကုမ္ပဏီမှ ရွှေညာမောင်စပ်ဆိုခဲ့သည့် ခေတ်စမ်းချိန် သီချင်းကို ဂီတမဆန် ကာရံမညီ ဆောင့်ကြီးအောင့်ကြီးနှင့် အားပါးတရ အော်သီဆိုနေရာ ကျွန်တော့်မှာ အလန့်တကြားနှင့် ခြုံထားသောစောင်ကို ရုတ်တရက်ပင့်ကာ ကြည့်လိုက်မိပါသည်။
မြင်ရပုံကား အသက် အစိတ်ခန့်ရှိ လူတစ်ယောက်သည် ခုတင်ပေါ်တွင် ခုတင်ပေါ်တွင် ဘယ်ဘက်ဒူးကို ထောင်ထားလျက် ညာဘက်ဒူးကို ထောင်ထားသောဒူးပေါ်တွင်ပြန်ချိတ်ကာ အဆိုပါ နိုင်ငံရေးနှင့်စပ်ဆိုင်သောသီချင်းကို လွတ်လပ်စွာ အော်ဆိုနေခြင်းပင်ဖြစ်သတည်း။ ထို့ကြောင့်လည်း ဘေးကလူနာအားလုံးမှာ သူ့အား အထူးအဆန်း အရူးအနှမ်းသဖွယ် စိုက်၍ကြည့်နေကြသည်။ သို့သော် သူက မည်သူ့ကိုမျှ ဂရုစိုက်ပုံမရ။
ကျနော့်မှာလည်း သူ့အားအကဲခတ်ကြည့်ရင်းကပင် ဤပုဂ္ဂိုလ်သည် စိတ်မနှံ့သူတစ်ယောက် ဖြစ်နေမည်လောဟု သံသယဖြစ်နေသည်။ ထိုအတောအတွင်း သူသည် သီချင်း၏နောက်ဆုံးအပိုဒ်ဖြစ်သော “အမျိုးသားတွေ နိုးကြားလာကြသည်၊ ကြိုးစားလာကြသည်၊ ကူညီညာဝိုုင်း တို့တိုင်းတို့ပြည်၊ တို့တိုင်တို့ပြည် သာယာပေတော့မည်”စသည်တို့ကို လှေကားအဆင်း လင်းကွင်းလွတ်ကျသောအသံမျိုးဖြင့် သူတစ်ဦးတည်းအရသာခံကာ မြိန်ရည်ရှက်ရည်ဆို၍ ရပ်ဆိုင်းလိုက်တော့သည်။ ကျွန်တော်မှတ်မိသလောက်မှာ ၎င်းသီချင်းသည် နိုင်ငံရေးသီချင်းဖြစ်၍ အင်္ဂလိပ်အစိုးရကပိတ်ထားသော သီချင်းများအနက် တစ်ပုဒ်အပါအဝင်ဖြစ်ပေသည်။
ဒါကတော့ နောင်အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် မြန်မာလူထု၏ အမျိုးသားခေါင်းဆောင်ကြီးဖြစ်လာမည့်သူ၊ မြန်မာပြည်လွတ်လပ်ရေးအတွက် စိတ်ဓါတ်အပြင်းအထန် ရင့်သန်လျက်ရှိသူ လူငယ်တစ်ဦး၏ စရိုက်လက္ခဏာကို ပေါ်လွင်အောင်ရေးပြလိုက်တဲ့ စရိုက်လက္ခဏာပြအဖွဲ့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့လူပုဂ္ဂိုလ်တစ်ဦးဟာ အဲသလိုစိတ်ထားနဲ့ ကြီးပြင်းလာခဲ့သူဖြစ်တယ်ဆိုတာ ဖေါ်ပြနိုင်တဲ့ စရိုက်လက္ခဏာပြ အရေးအဖွဲ့ပါပဲ။

ကဲ ဒီကနေ့လည်း ဒီနေရာမှာ ခေတ္တရပ်နားလိုက်ပါတယ်။ နောက်နေ့တွေမှာ ဆက်ပြီးဆွေးနွေးကြတာပေါ့။
လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

 

 

Mizzima Weekly