ခါးနာတဲ့ ဝေဒနာကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်းတွေ

ခါးနာတဲ့ ဝေဒနာကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်းတွေ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ခါးနာတဲ့ ပြဿနာကို လူတော်တော်များများ ခံစားဖူးကြမယ် ထင်ပါတယ်။ အလုပ်မှာ ပစ္စည်းအလေးကြီးတွေ မ လိုက်တဲ့အခါ၊ အားကစားလုပ်နေရင်း ထိခိုက်မိတာ၊ ထိုင်တဲ့ ခါးအနေအထား ပုံစံမမှန်တာ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ခါးနာနိုင်ပါတယ်။ ရိုးရိုးခါးနာတာပဲ ဆိုပြီး ပေါ့ဆလို့တော့မဖြစ်ပါဘူး။

ခါးနာတာကို သေချာမကုသပဲ ပစ်ထားလိုက်မယ်ဆိုရင် နေ့စဉ်ဘဝနဲ့ လုပ်ငန်းဆောင်တာကိုပါ ထိခိုက်စေနိုင်တဲ့အပြင် နာတာရှည် အဆစ်ရောင်ရောဂါ စွဲကပ်သွားသည်အထိ ဖြစ်လာနိုင်ပါတယ်။ အခုပြောပြပေးမယ့် နည်းလမ်းတွေဟာ ခါးနာဝေဒနာကို သက်သာစေဖို့အတွက် ဖြစ်ပြီး အချိန်ကြာသည်အထိ လုံးဝမသက်သာလာဘူးဆိုရင်တော့ အရိုးဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။
ခါးနာဝေဒနာ သက်သာစေမယ့် နည်းလမ်းများ
၁။ ရေခဲအိတ်နဲ့ ရေနွေးအိတ် ကပ်ပေးပါ။

ခါးနာဝေဒနာကို အမြန်ဆုံး သက်သာစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းကောင်းဖြစ်ပါတယ်။ ခါးနာကာစမှာ ရေနွေးအိတ်အစား ရေခဲအိတ်ကိုသာ အသုံးပြုသင့်ပါတယ်။ ရေခဲအိတ်မရှိဘူးဆိုရင်လည်း အဝတ်ထဲမှာ ရေခဲအနည်းငယ်ထည့်ပြီး ကပ်ပေးလို့ ရပါတယ်။

ခါးနာဝေဒနာကို သက်သာစေဖို့အတွက် ရေခဲအိတ်ကို ၁ဝမိနစ်ခန့် ဖိကပ်ပေးပါ။ နောက်တစ်ခါ ပြန်ကပ်ဖို့ ၁ဝမိနစ်ခန့် ခြားပေးပါ။ တစ်နေ့ကို ကိုယ်အဆင်ပြေသလို အကြိမ်များများ ကပ်ပေးနိုင်ရင် ပိုအဆင်ပြေပါတယ်။ ၁ရက် ကနေ ၂ရက်ထိ ဝေဒနာ မသက်သာဘူးဆိုမှ ရေနွေးအိတ် ကပ်ပေးပါ။

ရေခဲအိတ်ကပ်တဲ့ ပုံစံအတိုင်းပါပဲ။ ခါးပေါ်မှာ ၁ဝမိနစ်ထက်ပိုပြီး မကပ်ရပါဘူး။ ရေနွေးအိတ်မကပ်ခင် အရေပြားပေါ်မှာ အဝတ်တစ်ခု ခံပြီးမှ ကပ်တာ ပိုကောင်းပါတယ်။ အပူဟာ အနာကျက်မြန်စေမယ့် ဒဏ်ရာဖြစ်ကာစမှာ ကပ်ပြီး ပိုပြီးရောင်လာနိုင်ပါတယ်။ သတိထားရမှာက ရေနွေးအိတ်ကို အကြာကြီးကပ်ထားတာ၊ ကပ်ထားပြီး အိပ်ပျော်သွားတာမျိုး လုံးဝမလုပ်ရပါဘူး။
၂။ အပ်စိုက်ကုသကြည့်ပါ။

တရုတ်ရိုးရာ အပ်စိုက်ကုသနည်းဟာ ခါးနာဝေဒနာကို သက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။ အပ်သေးသေးလေးနဲ့ ခါးနေရာတစ်ဝိုက်မှာ စိုက်ထားတဲ့အခါ ဝေဒနာကို သက်သာစေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ အားအင်ကို ဖြည့်တင်းပေးနိုင်တယ်။ နာကျင်မှုကို ပြေလျော့စေပါတယ်။
၃။ အလုပ်ခွင်ဟာ ကိုယ့်အတွက် သက်တောင့်သက်သာ ရှိပါစေ။

တစ်နေ့လုံး အလုပ်က စားပွဲခုံမှာ ထိုင်ပြီး အလုပ်လုပ်နေတဲ့သူတွေအတွက်တော့ ခါးနာဝေဒနာဟာ ပြဿနာ ပိုဖြစ်စေနိုင်ပါတယ်။ ထိုင်ခုံကို ကိုယ့်ခြေထောက်နဲ့ မြေပြင် ထိကပ်စေပြီး သက်တောင့်သက်သာဖြစ်စေနိုင်မယ့် အမြင့်မှာ ရှိနေဖို့ သေချာပြုပြင်ပေးပါ။ ဒူးခေါင်းဟာ ထိုင်နေတဲ့ တင်ပါးနဲ့ တစ်ပြေးညီတည်း ဖြစ်ပါစေ။ ကျောမှီထိုင်ခုံ မဟုတ်ဘူးဆိုရင် ခေါင်းအုံးအသေးဖြစ်စေ၊ မျက်နှာသုတ်ပဝကို လိပ်ပြီးဖြစ်စေ ခါးအောက်ပိုင်းမှာ ခံထားပေးပါ။

ကွန်ပျူတာမျက်နှာပြင်ဟာ မျက်လုံးနဲ့ တစ်ပြေးညီတည်း သို့မဟုတ် အနည်းငယ် အောက်ကို ရောက်နေပေးဖို့လည်း အရေးကြီးပါတယ်။ ထိုင်ခုံနဲ့ လက်တစ်ကမ်းအကွာမှာ ကွန်ပျူတာ မျက်နှာပြင်ရှိနေပါစေ။

ကိုယ့်အတွက် အရေးကြီးတဲ့၊ အမြဲတမ်း အသုံးပြုနေရမယ့်၊ အသုံးလိုတဲ့ ပစ္စည်းတွေရှိရင် ကိုယ်လက်လှမ်းမီတဲ့ နေရာမှာ ထားပေးပါ။ မကြာခဏ ထသွား၊ ထလာလုပ်ခြင်း ခါးနာတဲ့ ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။
၄။ အရိုးကျန်းမာစေတဲ့ အစာအာဟာရတွေ စားပေးပါ။

အရိုးနာကျင်နေတယ်ဆိုရင် လျင်မြန်စွာ သက်သာစေနိုင်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးဖို့ လိုအပ်ပါတယ်။ အစာအာဟာရပြည့်ဝခြင်းဟာ ကျန်းမာရေးအတွက်သာမက ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်စေဖို့နဲ့ ပျက်စီးနေတဲ့ ဆဲလ်၊ တစ်သျှူးတွေကို ပြန်လည် ပြုပြင်ပေးဖို့ ကူညီပေးနိုင်ပါတယ်။

ခါးနာနေချိန်မှာ အရိုးကျန်းမာဖို့နဲ့ သန်စွမ်းစေဖို့ ကယ်လ်စီယမ်ဓာတ်၊ ဖော့စဖရပ်စ်ဓာတ်၊ ဗီတာမင် D ပါဝင်တဲ့ အစားအစာတွေကို များများ စားပေးပါ။ ဒိန်ချဉ်၊ နွားနို့၊ လိမ္မော်သီး၊ ပဲ၊ ဟင်းသီးဟင်းရွက်တွေ၊ ငါး၊ ပင်လယ်စာ၊ ဥတွေအပြင် ကြက်စွပ်ပြုတ်လိုမျိုး အာဟာရဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေ စားပေးနိုင်ရင် ပိုကောင်းပါတယ်။
၅။ အိပ်တဲ့ အနေအထား မှန်ကန်ပါစေ။

ကိုယ်အိပ်တဲ့ ပုံစံကြောင့် ခါးနာခြင်း ဖြစ်စေနိုင်သလို ဝေဒနာ သက်သာဖို့လည်း ပိုပြီး ကြာသွားနိုင်ပါတယ်။ ဒါကြောင့် ခါးနာနေတဲ့အချိန်မှာ ဘေးစောင်းပြီး အိပ်ပေးပါ။ ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးတစ်ခု ခံပြီး ရင်ဘတ်ကို ဦးတည် ကွေးထားပေးပါ။ ခါးကို တတ်နိုင်သလောက် တည့်နေအောင် အိပ်ပေးပါ။ ပျော့လွန်းတဲ့ အိပ်ရာမှာ အိပ်ရင်လည်း ခါးနာစေနိုင်တာကြောင့် အနည်းငယ်မာတဲ့ အိပ်ရာခင်းမျိိုး၊ ကုတင်မှာ အိပ်ပေးတာ ပိုကောင်းပါတယ်။
၆။ ယောဂလေ့ကျင့်ပါ။

ယောဂကျင့်ခြင်းဟာ ခါးနာတဲ့ ဝေဒနာကို သက်သာစေပြီး ကိုယ်ခန္ဓာအနှံ့ ကြွက်သားတွေကို ပြေလျော့စေတယ်။ ခါးနာနေချိန်မှာ အားကစား၊ လေ့ကျင့်ခန်း လုပ်လို့ မရတာကြောင့် ယောဂကျင့်စဉ် ကျင့်ခြင်းဟာ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေတယ်။ အရိုးနဲ့ ကြွက်သားကိုလည်း လေ့ကျင့်ခန်းလုပ်ပေးရာ ရောက်တယ်။ တင်းနေတဲ့ အကြောတွေကိုလည်း ဖြေလျှော့ပေးနိုင်ပါတယ်။ ခါးနာနေတဲ့အကြောင်းကို ယောဂနည်းပြကို ပြောပြပေးပြီး ကိုယ့်အတွက် ဝေဒနာ သက်သာစေနိုင်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

ခါးနာတဲ့ ဝေဒနာဟာ ကိုယ့်ရဲ့ တစ်နေ့တာမှာ နေပုံထိုင်ပုံ မမှန်ကန်တာ၊ ပစ္စည်းတစ်ခုခုနဲ့ ထိခိုက်မိတာကြောင့် အဖြစ်များတဲ့ ဝေဒနာမျိုး ဖြစ်ပါတယ်။ အချိန်တန် ပျောက်သွားမှာပါဆိုပြီး ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ အဓိက နာနေတဲ့ ခါးကို သက်သာစေမယ့် အလေ့အကျင့်၊ နည်းလမ်းကောင်းတွေကို သေချာလိုက်နာပေးပါ။ ဆရာဝန်နဲ့လည်း လိုအပ်ရင် လိုအပ်သလို သွားပြကြည့်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly