ချိုင်းသားလေးတွေ ဘာကြောင့် မည်း၊ တရားခံ ဘယ်သူလဲ

ချိုင်းသားလေးတွေ ဘာကြောင့် မည်း၊ တရားခံ ဘယ်သူလဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် အကျီင်္လက်ပြတ်လေးတွေ ဝတ်ပြီး ရှိုးထုတ်ချင်ကြမှာပဲလေ။ ချိုင်းသားလေးတွေက နဂိုအရောင်အတိုင်း မဟုတ်ဘဲ မည်းညစ်နေပြီဆိုရင်တော့ အများအမြင်မှာ ရှက်စရာကြီး ဖြစ်နေသလို ကိုယ့်စိတ်ထဲမှာ မလုံမလဲတွေ ဖြစ်နေမှာပါ။ ဒီဆောင်းပါးလေးကတော့ ချိုင်းသားမည်းရခြင်း အကြောင်းရင်းတွေနဲ့ ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ချိုင်းသား မည်းလာရခြင်း အကြောင်းရင်းတွေ

ကျွန်တော်တို့ ကိုယ်ခန္ဓာမှာ ချွေးအလွန်ထွက်တဲ့ နေရာတော်တော်များများ ရှိပါတယ်။ ချိုင်း၊ ပေါင်ခြံ၊ ဂုတ်သား အစရှိသဖြင့်ပေါ့။ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာ၊ ရေချိုးတဲ့အခါ အဲ့ဒီနေရာလေးတွေကို သေချာကြေးတွန်းဖို့ မေ့လျော့တာ၊ ထူလွန်းကြပ်လွန်းတဲ့ အဝတ်အစားတွေကို အချိန်အကြာကြီး ဝတ်ဆင်ထားတာကြောင့် ချိုင်းသားလေးတွေမှာ ချွေးတွေ စုပုံလာပြီး ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာတယ်။ သေချာကြေးတွန်းတိုက်ချွတ်မှု မလုပ်တဲ့အခါ အရေပြားပေါ်က ဆဲလ်အသေတွေဟာ ကွာကျမသွားဘဲ တစ်နေရာထဲမှာ ကွက်ပြီး စုပြုံလာပါတယ်။ ဒီတော့ အချိန်ကြာလာတာနဲ့အမျှ ချိုင်းသားတွေ၊ ပေါင်ခြံတွေမှာ နဂိုအသားအရောင် ပျောက်ပြီး မည်းညစ်လာတာပေါ့။

နောက်တစ်ချက်ကတော့ ချိုင်းမွေးကို မကြာခဏ နှုတ်တတ်၊ ရိတ်တတ်တာကြောင့်ပါ။ လှချင်တဲ့သူ တော်တော်များများက ကိုယ်ခန္ဓာပေါ်မှာ အမွေးအမျှင်တွေ များနေရင် စိတ်ထဲမှာ ညစ်ပတ်တယ်၊ သန့်ရှင်းမှု မရှိဘူးလို့ ထင်တတ်ကြပါတယ်။ လုံးဝမှားယွင်းတာတော့ မဟုတ်ဘဲ မကြာခဏ ချိုင်းမွေးရိတ်တာ၊ နှုတ်တဲ့အခါ ချိုင်းအရေပြားပေါ်မှာ ရောင်ခြယ်ဆဲလ် (pigment) တွေ ပိုမိုထုတ်လုပ်မှု မြန်လာပါတယ်။ ဒီလို ရောင်ခြယ်ဆဲလ်တွေ များလာတာနဲ့အမျှ ချိုင်းသားက အရောင်မှိန်ပြီး ခြောက်သွေ့လာမယ်။ စိုလက်လက်လေး မဟုတ်တော့ဘဲ ကိုင်လိုက်တဲ့အချိန်မှာ မွဲခြောက်ခြောက်ကြီး ဖြစ်လာနိုင်ပါတယ်။
တခြားကျန်းမာရေးအခြေအနေကြောင့်ရော ချိုင်းသား မည်းလာနိုင်လား။

ပုံမှန်အားဖြင့် ချိုင်းသားမည်းတဲ့ပြဿနာဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းသူတွေမှာ အတွေ့များတဲ့ ပြဿနာဖြစ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ တချို့သော ကျန်းမာရေးပြဿနာတွေ၊ သောက်နေရတဲ့ ဆေးတွေနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ချိုင်းသား မည်းညစ်လာတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။
၁။ အင်ဆူလင် မတိုးတော့ခြင်း (Insulin Resistance)

အင်ဆူလင်ဟော်မုန်းဟာ အရေပြားကို ဖြူစင်ဝင်းပစေဖို့နဲ့ အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်မှုကို ကူညီအားဖြည့်ပေးနိုင်ပါတယ်။ အင်ဆူလင် မတိုးတော့တဲ့သူတွေရဲ့ ကိုယ်ခန္ဓာဟာ အင်ဆူလင်ရဲ့ အာနိသင်ကို အပြည့်အဝမရတော့တာ၊ အင်ဆူလင် ကောင်းစွာ အလုပ်မလုပ်နိုင်တော့တာကြောင့် ချိုင်းသားတွေ မည်းညစ်လာနိုင်ပါတယ်။ အင်ဆူလင် ဟော်မုန်း မတိုးတော့ခြင်းကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။
၂။ အဝလွန်ခြင်း

အဝလွန်တဲ့သူတွေမှာ တခြားသူတွေထက် ပိုမိုချွေးထွက်လွယ်ပြီး အရေပြားပွတ်တိုက်မှု များခြင်းကြောင့် ချိုင်းပတ်လည် အရေပြားတွေ မည်းညစ်ဖို့ အခွင့်အရေးပိုများပါတယ်။
၃။ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ သွေးဆုံးပြီးသူတွေ၊ သိုင်းရွိုက်ဟော်မုန်း အပြောင်းအလဲဖြစ်တာအပြင် တခြားသော ပုံမှန်မဟုတ်တဲ့ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းကြောင့် ချိုင်းသား မည်းညစ်လာတတ်ပါတယ်။
၄။ မျိုးရိုးဗီဇ၊ လူမျိုးခြား

မိဘမျိုးရိုးမှာ ချိုင်းသားအရေပြား မည်းညစ်စေတဲ့ အရေပြားဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ရှိနေတာကြောင့် သားသမီးမှာလည်း ဒီလိုပြဿနာတွေ ကြုံလာနိုင်ပါတယ်။ အနောက်နိုင်ငံသား၊ လူမည်း လူမျိုးစုဝင်တွေမှာလည်း မွေးလာကတည်းက မယ်လနင်ဆဲလ်တွေ ထုတ်လုပ်မှုများခြင်းကြောင့် အရေပြားထူထပ်ပြီး မည်းညစ်တာမျိုး ဖြစ်နိုင်ပါတယ်။
၅။ ဆေးဝါးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ

စတီးရွိုက် (steroid) ဟော်မုန်းဆေး၊ သန္ဓေတားဆေးအပြင် အာနိသင်ပြင်းတဲ့ ရောဂါပျောက်ဆေး တချို့မှာ ချိုင်းသားအပြင် ခန္ဓာကိုယ်အရေပြားနေရာအနှံ့ကို မည်းညစ်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ပါဝင်ပါတယ်။
၆။ ကင်ဆာရောဂါ

ဝမ်းဗိုက်၊ အူမကြီး၊ အသည်းနဲ့ တခြားသော ကိုယ်တွင်းအင်္ဂါမှာ ကင်ဆာရောဂါ အမြစ်တွယ်နေတဲ့အခါ ရှားရှားပါးပါး တွေ့ရတတ်တဲ့ လက္ခဏာအဖြစ် ချိုင်းသားမည်းညစ်တာမျိုး တွေ့ရတတ်ပါတယ်။
ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

ချိုင်းသားကို မည်းညစ်စေနိုင်တဲ့ အကြောင်းရင်းတွေ များစွာ ရှိတဲ့အတွက် အကောင်းဆုံးကတော့ အရေပြားအထူးကု ဆရာဝန်နဲ့ ပြသပြီး ကိုယ့်ပြဿနာရဲ့ အကြောင်းအရင်းဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ပြီးမှ သေချာကုသမှု ခံယူသင့်ပါတယ်။

၁။ ရေချိုးတိုင်း ကိုယ်ခန္ဓာအနှံ့ကို ဆပ်ပြာနဲ့ သေချာဆေးကြောပြီးပုံမှန်ကြေးချွတ်ပေးသင့်ပါတယ်။ ချိုင်းသားဆိုတာ ချွေးအလွန်ထွက်ပြီး ဘက်တီးရီးယားတွေ လျင်မြန်စွာ ပေါက်နိုင်တာကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှုကို သေချာအလေးထားပြီး ဂရုစိုက်ပေးသင့်ပါတယ်။

၂။ မလိုအပ်ဘဲ ချိုင်းမွေးကို ရိတ်တာ၊ နှုတ်တာမျိုး ရှောင်သင့်ပါတယ်။ မဖြစ်မနေ လုပ်ပေးရမယ့် အခြေအနေမျိုးမှာလည်း ချိုင်းသားကို ဆပ်ပြာနဲ့ အရင်ဆေးကြောပေးပါ။ ပြီးရင် အမွေးရိတ်ရာမှာ အရေပြားဆဲလ်ကို ကာကွယ်ပေးနိုင်ဖို့နဲ့ ထိခိုက်မှုနည်းစေတဲ့ shaving cream တွေ အသုံးပြုပေးပါ။ သေချာ ပြောင်စင်အောင် ဆေးကြောပြီးသွားရင် ချိုင်းသားအသားအရေကို အစိုဓာတ်ထိန်းခရင်မ် ပြန်လိမ်းပေးပါ။

၃။ အဝလွန်နေတဲ့သူတွေဆိုရင် ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို သေချာထိန်းညှိပေးဖို့ အစားအစာကို ဂရုစိုက်ပါ။ ရေများများသောက်ပါ။ အိပ်ချိန်မှန်ပါစေ။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။ ကိုယ်ခန္ဓာကို လှုပ်လှုပ်ရှားရှား နေဖို့ အမြဲသတိပေးပါ။

၄။ ဆီးချိုရောဂါနဲ့ တခြားသော ဟော်မုန်းပြောင်းလဲမှုကို ဖြစ်စေတဲ့ ရောဂါတွေအတွက်ဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူပါ။ ဆေးပုံမှန်သောက်ပါ။ နေထိုင်စားသောက်မှု ပုံစံကို ဂရုစိုက်ပါ။ ဆရာဝန်ရဲ့ ခွင့်ပြုချက်မရဘဲ ဆေးပြောင်းသောက်တာ၊ ဆေးရပ်လိုက်တာမျိုး မလုပ်ပါနဲ့။

၅။ လိုအပ်မယ်ထင်ရင် အရေပြားဆရာဝန်ရဲ့ ဆေးအညွှန်းဖြင့် ချိုင်းပတ်လည် အသားအရေကို ပြန်လည်ဖြူဝင်းတောက်ပလာစေမယ့် လိမ်းဆေး၊ အဆီ၊ ခရင်မ်နဲ့ သောက်ဆုံးတွေ ဝယ်ယူအသုံးပြုပေးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly