မျိုးဆက်သစ်များ မွေးထုတ်ပေးမည့် Team PTနှင့် ဖိုးသော်၏ အမြင့်ပျံ အိပ်မက်များ

မျိုးဆက်သစ်များ မွေးထုတ်ပေးမည့် Team PTနှင့် ဖိုးသော်၏ အမြင့်ပျံ အိပ်မက်များ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အထပ်မြင့် တိုက်တစ်လုံး၏ တိုက်ခန်းတစ်ခုထဲတွင် လူတစ်စု ကိုယ်ခံပညာ သိုင်းပေါင်းစုံနှင့် ကိုယ်ကာယ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်နေကြသည်။ တချို့က သဲအိတ်ကြီးကို တဗုန်းဗုန်းဖြင့် ကန်ကျောက်ထိုးနှက်နေသလို နှစ်ယောက်တွဲပြီး ဂျူဂျစ်စုချုပ်ကွက်များကို လေ့ကျင့်နေသူများလည်း ရှိသည်။ ၎င်းတို့ကို ဖြတ်လတ်ကြံ့ခိုင်သည့်လူငယ် နည်းပြများက အနီးကပ်သင်ကြား ပြသမှုများ ပြုလုပ်နေသည်။

ယင်းမြင်ကွင်းကားONE Championship ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားတစ်ဦးဖြစ်သော ဖိုးသော် ဖွင့်လှစ်ထားသည့် Team PT အားကစားရုံ နှင့် ကိုယ်ကာယ ကြံ့ခိုင်ရေး စင်တာမှ မြင်ကွင်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ လေ့ကျင့် သင်ကြားရေး အားကစားရုံ ဖြစ်လာသည့် Team PT သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကတွင် ကျင်လည်နေသော ပရော်ဖက်ရှင်နယ် ကစားသမား များကို လေ့ကျင့်ပေးရုံ သာမက မျိုးဆက်သစ် ကစားသမား များကိုပါ မွေးထုတ်ပေးရန် ရည်ရွယ် တည်ထောင် ထားသည့် အားကစားရုံ တစ်ခု ဖြစ်သည်။

“Team PT ကို ၂ဝ၁၇ ဒီဇင်ဘာ ၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းခဲ့ရတဲ့ အဓိကအကြောင်းကတော့ ကျွန်တော် ကိုယ်တိုင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို ကစားနေတာ ဖြစ်တဲ့အတွက် ကျွန်တော့် သင်တန်းမှာ ကိုယ့်ဘာသာ လေ့ကျင့်လို့ ရအောင်ပါ။ ပြီးတော့ ကျွန်တော်က နိုင်ငံခြားနဲ့ အဆက်အသွယ်တွေလည်း ရနေတာ ဆိုတော့ သူတို့ကို ကျွန်တော့် သင်တန်းခေါ်ပြီး နည်းပြ ခိုင်းမယ်။ နောက်ထပ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားချင်တဲ့ သူတွေကိုလည်း တွဲခေါ်မယ် ဆိုပြီးတော့ ဖွဲ့စည်းခဲ့တာ”ဟု Team PT ၏ ပဲ့ကိုင်ရှင် “ဘူရှီဒို” ဖိုးသော်က ပြောပြခဲ့သည်။

ဆက်လက်ပြီး ဖိုးသော်က ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားတစ်ဦး အနေဖြင့် ကြိုးဝိုင်းထဲတွင် အချိန်မရွေး ဒဏ်ရာ အနာတရ ဖြစ်ပြီး ကစားသမား အဖြစ်မှ အနားယူရ နိုင်ကြောင်း၊ မိမိတတ်ထားသည့် ပညာဖြင့် စီးပွားရေး တစ်ခုခုလုပ်ထားချင်သည့် ဆန္ဒဖြင့် တည်ထောင်ထားခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ် ကစားသမားများကို နည်းပြ၊ မန်နေဂျာ စသည်တို့ အနေဖြင့် ဆက်လက်ပြီး ပံ့ပိုး သွားနိုင်ရန်လည်း ရည်ရွယ်ကြောင်း ပြောပြခဲ့သည်။

“Team PT က ပုံမှန် စီးပွားရေး အနေနဲ့ကတော့ အားကစားရုံရှိမယ်။ ကြွက်သား တည်ဆောက်တဲ့ လေ့ကျင့်ရေးရှိမယ် ပေါ့နော်။ အဲဒီမှာမှ အပျော်တမ်းကနေ အဆင့်မြင့်အထိ ကိုယ့်ရဲ့ ရည်ရွယ်ချက်ပေါ် မူတည်ပြီးတော့ သင်ရိုးတွေ အများကြီး ခွဲပြီးတော့ နည်းပြပေးတယ်။ ကိုယ်အလေးချိန်ချတာတွေ၊ တင်တာတွေ အစုံပေါ့နော်။ ပရော်ဖက်ရှင်နယ် အနေနဲ့ဆိုရင် ပရော်ဖက်ရှင်နယ် ကလပ် သီးသန့်ရှိတယ်။ အဲဒီမှာ ကစားချင်တဲ့ သူတွေကိုကျ လူရွေးချယ်မှု လုပ်ပြီးတော့ အရည်အသွေးမီတဲ့ သူတွေကိုပဲ လေ့ကျင့်ပေးတယ်”ဟု ဖိုးသော်က ဆိုသည်။

အဆိုပါ အရည်အသွေးပြည့်မီသည့် ကစားသမားများကို Team PT နှင့် ချိတ်ဆက်ထားသည့် ပြည်ပလေ့ကျင့်ရေးစခန်းများ သို့လည်း သွားရောက် လေ့ကျင့်နိုင်ရန် ထောက်ပံ့ပေးသည်ဟု ဖိုသော်က ပြောပြခဲ့သည်။ ထိုင်းမှ Tiger Muay Thai၊ ကမ္ဘောဒီးယားမှ Selapak စသည့် အားကစားရုံများနှင့် ချိတ်ဆက်ထားပြီး ကစားသမားများ သွားရောက်လေ့ကျင့်နိုင်ရန် စီစဉ်ပေးကြောင်းလည်း သိရသည်။

Team PT နည်းပြအဖွဲ့တွင် ONE Championship ပွဲပေါင်း ၈ ပွဲ ကစားထားသည့် ဖိုးသော် ကိုယ်တိုင် ဦးဆောင်ကာ ဆီးဂိမ်း လက်ဝှေ့ ရွှေတံဆိပ် ၄ ဆုရ စိုင်းဉာဏ်လင်း၊ ပြည်နယ်နှင့်တိုင်း အမျိုးသမီး လက်ဝှေ့ ရွှေတံဆိပ်ရ Eah Eah၊ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲပေါင်း ၆ဝ ကျော် ကစားခဲ့ဖူးသည့် ဂျပန်လူမျိုး Shunichi Shimizu၊ ကမ္ဘောဒီးယား နာမည်ကျော် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား Chan Rothana စသူတို့ ပါဝင်သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို လုံးဝ မကစားဖူးသူ များအတွက် အခြေခံ သင်တန်းများ သင်ကြားပေးရန်လည်း ဂျပန်လူမျိုး နည်းပြတစ်ဦးနှင့် အခြား ပြည်တွင်းနည်းပြများ ရှိကြောင်း သိရသည်။

Team PT ကို အမေရိကန်နိုင်ငံမှ Fight for Good ဆိုသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့အစည်းကလည်း ပံ့ပိုးပေးပြီး ကစားသမား များအတွက် စျေးကွက် မြှင့်တင်ရေးနှင့် ဘဏ္ဍာရေး ကိစ္စများ စီမံခန့်ခွဲပေးသည်။ အဆိုပါ အဖွဲ့အစည်းက Fight for Myanmar နှင့် Fight for Cambodia ဟူသည့် စေတနာ့ ဝန်ထမ်း အဖွဲ့များ ဖွဲ့ထားကာ အားကစားရုံ နှင့် ကစားသမားများ၏ လိုအပ်ချက် များကို ၎င်းတို့ ကိုယ်ပိုင် ရန်ပုံငွေဖြင့် ပံ့ပိုးပေးသည်။ Lorenzo ဆိုသည့် အီတလီ အဖွဲ့အစည်း တစ်ခုနှင့်လည်း ပူးပေါင်းကာ ကိုယ်ကာယ ကြံ့ခိုင်ရေး အပိုင်းနှင့် ပက်သက်သည်များကို ဆောင်ရွက်နေသည်ဟု ဖိုးသော်က ပြောပြခဲ့သည်။

Team PT မှ ထွက်ပေါ်လာသည့် ကစားသမားများကို ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြုလုပ်ပေး နေသည့် အစီအမံများနှင့် ပက်သက်၍ ဖိုးသော်က “One Championship ကို အဓိက ပစ်မှတ်ထားတယ်။ အဲဒီမှာ အဆင်သင့် မဝင်နိုင်သေးရင် ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံလို နေရာမျိုးမှာ ပွဲရအောင် ကျွန်တော်တို့ လုပ်ပေးတယ်။ နောက်ပြီး USA မှာ Lion Fight တို့ ဘာတို့ရှိတယ်။ အဲဒီမှာ ဝင်နိုင်အောင် လုပ်ပေးတယ်။ OWS (One Warrior Series) အတွက်လည်း စီစဉ်ပေးတာ ရှိတယ်။ စိုင်းဉာဏ်လင်း ဆိုရင် OWS မှာ ထိုးတယ်။ Shimizu ဆိုရင် One Championship မှာ ထိုးမယ်။ နောက်ပြီး စိုးလင်းဦးလည်း ဝင်ထိုးဖို့ ရှိတယ်”ဟု ဖိုးသော်က ဆိုသည်။

၎င်း၏ သင်တန်းတွင် သင်တန်းကြေးကို တစ်လလျှင် အားကစားရုံ သီးသန့် ၄ဝဝဝဝ ကျပ်၊ ကိုယ်ခံပညာ သင်တန်း ရဝဝဝဝ ကျပ်ဟု သတ်မှတ် ထားပြီး တစ်ပတ်လျှင် တစ်ရက်၊ စနေနေ့တိုင်း အခမဲ့ ပညာဒါန အဖြစ် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လေ့ကျင့် သင်ကြားပေးသည်ဟု သိရသည်။ လာကစားသည့် ကစားသမားများကို အနီးကပ် ကင်းထောက် စောင့်ကြည့်ပြီး အလားအလာ ကောင်းသည့် ကစားသမား များကို စာချုပ်ချုပ်ဆိုရန်လည်း စီစဉ်ထားသည်။

“ကျွန်တော်က ကစားသမား စလုပ်ကတည်းက ကိုယ်ပိုင် အားကစားရုံ တစ်ခုကို တည်ထောင်မယ် ဆိုတဲ့ အိပ်မက်က ရှိပြီးသား။ အခု အချိန်မှာ ကျွန်တော့် အိပ်မက်က တစ်ဝက်လောက် အောင်မြင်သွားပြီ ပေါ့နော်။ မြန်မာနိုင်ငံမှာ ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားရုံ ဖြစ်တယ်။ ပြီးတော့ ကျွန်တော့် အားကစားရုံ က ကျွန်တော် တစ်ယောက်တည်းနဲ့ သွားတာ မဟုတ်ဘဲနဲ့ ပါတနာ နည်းပြတွေ ရှိတယ်။ ချိတ်ဆက် ထားတဲ့ ကွန်ယက်တွေ ရှိတယ်။ ဒီတော့ ကျွန်တော့် အားကစားရုံ ကို အကယ်ဒမီ တစ်ခုလို အဆင့်ထိ သွားချင်တာ။ နိုင်ငံတကာမှာ လုပ်နေတဲ့ စားရိတ်ငြိမ်း ပံ့ပိုးတဲ့ အထိပေါ့။ Tiger Muay Thai တို့၊ Team Lakay တို့ အထိ ဖြစ်အောင် ရည်မှန်းထားတယ်။ မြန်မာနိုင်ငံမှာမကဘူး အာရှမှာပါ အကောင်းဆုံး အားကစားရုံ တစ်ခု ဖြစ်ဖို့ ရည်မှန်းထားတယ်။ ကျွန်တော်တို့ Team က ကမ္ဘာ့ ချန်ပီယံတွေ ပေါ်ထွက် လာစေချင်တယ်”ဟု ဖိုးသော်က ၎င်း၏ ရည်မှန်းချက်ကို ဖွင့်ဟခဲ့သည်။

လတ်တလောတွင် Team PT ကို ငါးနှစ် စီမံကိန်းဖြင့် အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ငါးနှစ်အတွင်း ဒေသတွင်း အလားအလာ ကောင်းသည့် အားကစားရုံ တစ်ခု အဆင့်ထိ ရောက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ယခုဆိုလျှင် တစ်နှစ်ကျော် ကာလ ရှိပြီဖြစ်ကာ အားကစားရုံ ကို တစ်စတစ်စ လူပိုသိလာပြီး အရှိန်လည်း ကောင်းလာပြီ ဖြစ်သဖြင့် မျှော်မှန်းထားသည့် အောင်မြင်မှုမျိုး ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ဖိုးသော်က ဆိုသည်။

“ဒီထက် ပိုကောင်းတဲ့ အလားအလာက သိပ်မကြာခင် ရောက်လာတော့မယ်။ ကျွန်တော် ခုနက ပြောခဲ့တဲ့ အနေအထား တစ်နေ့နေ့မှာ ဖြစ်လာတော့မယ်။ အခု လောလောဆယ်တော့ ဘတ်ဂျတ် အနေအထားနဲ့ ပထမအဆင့် စလုပ်တာ ဖြစ်တဲ့အတွက် နေရာထိုင်ခင်း နည်းနည်း လိုအပ်ချက်တွေ ရှိနေသေးတယ်။ ဒါပေမယ့် ကျွန်တော့် အစီအစဉ်နဲ့ သွားနေတဲ့ ရည်မှန်းချက်က ကြီးတယ်။ ဒါကိုတော့ သတင်းစကား တစ်ခု
 အနေနဲ့ ပေးချင်တယ်”ဟု ဖိုးသော်က ယုံကြည်မှုရှိစွာ ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required