မုံရွာမြို့ရှိ ဟိုတယ်တစ်ခု တစ်ရက်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား

By ဘုန်းနိုင်ဖြိုး၊ ဇင်ဇင်မွန်ဇော်
06 April 2019
မုံရွာမြို့ရှိ ဟိုတယ်တစ်ခု တစ်ရက်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား

မုံရွာ၊ ဧပြီ ၆ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ပြည်သူ့အားကစားဘောလုံးကွင်းအရှေ့ရှိ ဟိုတယ် တစ်ခုတွင် ဧပြီလ ၆ရက်၌ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် မီးသတ်ဦးစီးဌာန မှ သိရသည်။

 ဧပြီ ၆ရက် မနက် ၃နာရီကျော်တွင်အဆိုပါ ဟိုတယ်ရှိ ရေချိုးခန်းအတွင်းမှ Exault Fan အပူလွန်ကဲ ရှော့ဖြစ်ကာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ညနေ ၃နာရီကျော်တွင် နောက်ထပ်တစ်ကြိမ် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့သည်ဟု မုံရွာခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးညီညီဇော် ကပြောပြသည်။

“ မနက်ကတစ်ကြိမ်ဖြစ်တာက ဝါရှော့ဖြစ်ပြီး မီးလောင်တာပါ။ အခုတစ်ခါကတော့ ဘာကြောင့် မီးလောင် ရတယ် ဆိုတာကို စစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်” ဟု ခရိုင်မီးသတ် လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်မှ မဇ္ဈိမသို့ ပြောသည်။

 အဆိုပါ ဟိုတယ်တွင် နံနက်ခင်း မီးလောင်မှုကြောင့် ကုတင်နှစ်လုံး၊ စပရိန်မွေ့ယာ နှစ်ခု၊ အဲယားကွန်းတစ်လုံး၊ ရေခဲသေတ္တာတစ်လုံး၊ ၂၄ လက်မ တီဗီတစ်လုံး၊ Exault Fan တစ်ခု၊ (၁၄x၁၂) သွပ်မိုးအုပ်ကာ ကွန်ကရစ်ခင်း တစ်ခန်းနှင့် အခန်းအတွင်း ပစ္စည်းများဆုံးရှုံးခဲ့ပြီး ငွေကျပ် ၁၀ သိန်းနီးပါး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 ညနေခင်း မီးလောင်မှုတွင် အခန်းအတွင်းရှိ အဲယားကွန်းတစ်လုံးနှင့် ကုတင်တစ်လုံး မီးလောင်ခဲ့ပြီး မီးလောင် ရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 ယခုနှစ် ဇန်နဝါရီလမှ မတ်လကုန်အထိ မုံရွာခရိုင်အတွင်း မီးလောင်မှု စုစုပေါင်း ၂၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင်မီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly