အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ကာ ဓားဖြင့် ထိုးသတ်ခဲ့သူကို ဖမ်းဆီး

အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ကာ ဓားဖြင့် ထိုးသတ်ခဲ့သူကို ဖမ်းဆီး
ဓာတ်ပုံ- ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့

ရန်ကုန်၊ ဧပြီလ ၆ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာ၊ ရွာသစ်ပိုင်းတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ကာ ဓားဖြင့် ထိုးသတ်ခဲ့သူကို ၁ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဧပြီလ ၆ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်တွင် သတင်းထုတ်ပြန်ထားသည်။

 ပြစ်မှုကျူးလွန်ခဲ့သူမှာ အသက် ၂၂ နှစ်အရွယ် အောင်သိုက်ဆိုသူဖြစ်ပြီး မှော်ဘီမြို့နယ်၊ ရွာသစ်ပိုင်း တွင် နေထိုင်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ထားချက်အရ သိရသည်။

 အမှုဖြစ်စဉ်မှာ မှော်ဘီမြို့နယ်၊နှောကုန်းကျေးရွာ၊ ရွာသစ်ပိုင်း၊ အမှတ်(၅၇) နေသူအမျိုးသမီးမှာ ၎င်းနေအိမ်နှင့် ကိုက်(၅၀)အကွာရှိ လူမှုကူညီရေးအသင်းရုံးရှေ့တွင် ကန်စွန်းရွက်များ စည်းရန်သွားခဲ့ ကြောင်း၊ ထိုအချိန် နေမကောင်း ဖြစ်နေသောမြေးတော်စပ်သူ အသက် ၇ နှစ်အရွယ် မိန်းကလေးကို နေအိမ်၌ ထားခဲ့ကြောင်း သိရသည်။

 ထိုသို့ ထားခဲ့ပြီး ၁ နာရီခန့်အကြာတွင် အဆိုပါ ကန်စွန်းရွက်သွားစည်းသောအမျိုးသမီးက အိမ်တွင် ကျန်ခဲ့ သော ကလေးကို ဆေးတိုက်ရန် တူမဖြစ်သူကို အိမ်သို့ ပြန်လွှတ်ခဲ့ကြောင်း၊ တူမဖြစ်သူက နေအိမ်သို့ ပြန်ရောက်သွားသည့် အချိန်တွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ကို အိပ်ခန်းအတွင်း လည်ပင်း၌ ပြတ်ရှဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုအခြေအနေကို တူမဖြစ်သူက ကန်စွန်းရွက်သွားစည်းနေသောအမျိုးသမီးကို သွားပြန်ပြောခဲ့ပြီး နေအိမ် သို့ပြန်လည်သွားခဲ့ရာ နေအိမ်အိပ်ခန်းအတွင်း ကလေးငယ်မှာ လည်ပင်းထိုးသွင်း ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲဘက်ရင်ဘတ် ထိုးသွင်းဒဏ်ရာ (၂)ချက်တို့ဖြင့် လဲကျ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဓားဖြင့် ထိုသတ်သူကို စုံစမ်းအရေးယူပေးရန် မှော်ဘီမြို့ မရဲစခန်းသို့ တိုင်းတန်းခဲ့ကြောင်း သိရသည်။

 ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်ခဲ့သူအား စုံစမ်းခဲ့ရာ အခင်းဖြစ်နေအိမ်သို့ အမြဲ ဝင်/ထွက် လေ့ရှိသူမှာ အရက် အလွန်အကျွံသောက်တတ်လေ့ရှိသော တစ်ရွာတည်းနေသူဖြစ်သည့် အောင်သိုက် တစ်ဦးတည်း သာရှိကြောင်း သိရှိခဲ့သည်။

 ထို့ကြောင့် ရဲတပ်ဖွဲ့မှ အောင်သိုက်ဆိုသူအား ခေါ်ယူစစ်ဆေးခဲ့ရာ အခင်းဖြစ်နေအိမ်သို့ သွားရောက်စဉ် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတည်းသာတွေ့ရှိသဖြင့် ဓားနှင့် စနောက်ခဲ့ရာမှ ဒဏ်ရာရရှိ သွားသော ကြောင့်သေဆုံးသည်အထိ ဆက်လက်ပြစ်မှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

 သို့သော် ရဲတပ်ဖွဲ့မှ အသေးစိတ်ထပ်မံစစ်ဆေးခဲ့ရာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး ဓားနှင့် ထိုးခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အသက် ၂၂ နှစ်အရွယ်ရှိသည့် အောင်သိုက်ဆိုသူကို အမြန်ဆုံး တရားစွဲတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required