အမြန်လမ်းတွင် တစ်မိုင်ကို တစ်ဦးနှုန်းဖြင့် ၂၄ နာရီ တာဝန်ပေးထားမည်ဟု ရဲမှူးကြီးပြော

အမြန်လမ်းတွင် တစ်မိုင်ကို တစ်ဦးနှုန်းဖြင့် ၂၄ နာရီ တာဝန်ပေးထားမည်ဟု ရဲမှူးကြီးပြော
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဧပြီလ ၆ ။          ။ မကြာမီကျရောက်တော့မည့် မဟာသင်္ကြန်ကာလအတွင်း အများပြည်သူလုံခြုံရေးအတွက် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် တစ်မိုင်ကို တစ်ဦးနှုန်းဖြင့် ရဲဝန်ထမ်းများနေရာချထားပြီး ၂၄ နာရီ တာဝန်ပေးထားမည် ဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောသည်။

မိုင်ပေါင်း ၃၆၂ မိုင် ရှည်လျားသည့် ရန်ကုန်- မန္တလေးအမြန်လမ်းကြီးတွင် ယခုကဲ့သို့ တစ်မိုင်ကို ရဲဝန်ထမ်း တစ်ဦးစီဖြင့်  ၂၄ နာရီ တာဝန်ပေးရခြင်းမှာ ခက်ခဲမှုရှိပြီး ထိုသို့ တာဝန်ပေးရခြင်းမှာ ဝန်ထမ်းအင်အား နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

" အခါကြီး၊ ရက်ကြီး သင်္ကြန်ကာလမှာ အစ်ကိုတို့ အခုနကပြောတဲ့ လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းနေရတဲ့ အနေ အထားဖြစ်တဲ့အတွက် အင်အားတွေအားလုံးကို အမြန်လမ်းပေါ်မှာ တစ်မိုင်ကို တစ်ယောက်နှုန်း ၂၄ နာရီနေဖို့ ဒါလေးကို အစ်ကိုတို့ စီမံထားပါတယ်။ အခက်အခဲတော့ အများကြီးပါ။ လူတစ်ယောက်က ၂၄ နာရီလုံး တစ်မိုင်မှာ နေဖို့ဆိုတာ သူ့ရဲ့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှုလေးတွေလည်းရှိပါတယ်။ ဒါပေမယ့် အစ်ကိုတို့ ကြိုးစားပြီးလုပ်မှာပါ။ ကြိုးစားပြီးလုပ်ဖို့ စီမံထားပါတယ်"ဟု ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောသည်။

ဧပြီလ ၆ ရက်နေ့က ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်(ဝ/၂)တွင် မြန်မာဣစ္ဆာသယ ဖြန့်ဖြူးရေး ကုမ္ပဏီလီမိတက်၊ Michelin Myanmar တို့နှင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ  ပူးပေါင်းကာ ယာဉ်များ အန္တရာယ် မဖြစ်စေရေး အတွက် ယာဉ်ကြံ့ခိုင်မှုများကို အခမဲ့စစ်ဆေးပေးခြင်း ကမ်ပိန်း တစ်ရပ်ပြုလုပ်ခဲ့သည်။

ထိုကမ်ပိန်းတွင် မဇ္စျိမ၏ မေးမြန်းမှုကို ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

" ၃၆၂ မိုင်မှာ တကယ်တမ်းပြောရမယ်ဆိုရင်တော့ ကိုယ်တို့အင်အား ၄ဝဝ ပတ်ဝန်းကျင်ပဲရှိပါတယ်။ ဒါသည် ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဖြစ်ပါတယ်။ မတ်လမှာ ကိုယ်တို့ ဝန်ထမ်း တပ်ဖွဲ့တွင်း သဘောသဘာဝအရ ကိုယ်တို့ဆီကနေ ပြောင်းရွှေ့သွားတဲ့ အင်အားအနေနဲ့ဆိုရင် လူအင်အားတော်တော်လေး လျော့နည်းနေပါ တယ်။ အဲဒီ လျော့နည်းနေတဲ့ဟာကို တော်တော်လေး ရုန်းကန်ပြီးတော့ လှုပ်ရှားလုပ်ကိုင်နေရပါတယ်"ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က လက်ရှိ အမြန်လမ်းရဲတပ်ဖွဲ့အင်အားအခြေအနေနှင့် ပတ်သက်၍ ပြောသည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ၂ဝ၁၇ ခုနှစ်က ယာဉ်မတော်တဆမှု ၅၅၅ မှု၊ ၂ဝ၁၈ ခုနှစ်တွင် ၄၇၄ မှု ဖြစ်ပွားခဲ့ပြီး ယင်းကိန်းဂဏန်းနှစ်ခုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါကာ အမြန်လမ်းမကြီးတွင် ပျှမ်းမျှအားဖြင့်  ယာဉ်တိုက်မှု လျော့ကျလာသည့်  အနေအထားတစ်ခုကို တွေ့ရသည်။

လက်ရှိတွင်လည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ အနုပညာရှင်များ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ စာပေလောကမှ ပညာရှင်များနှင့် ပူးပေါင်းကာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required