NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်းစာကို ဧပြီ ၅ ရက်မှ ရရှိဟု ဆို

NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်းစာကို ဧပြီ ၅ ရက်မှ ရရှိဟု ဆို
ဓာတ်ပုံ-အောင်ခန့်ဖေ့ဘွတ်ခ်

ဧပြီ ၆၊ ရန်ကုန် ။          ။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို တသီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုအောင်ခန့်ကို မတ်လ ၁၉ ရက် ရက်စွဲဖြင့် ပါတီမှ ထုတ်ပယ်ခဲ့သည့် အကြောင်းကြားစာအား ဧပြီ ၅ ရက်တွင် လက်ခံရရရှိခဲ့ကြောင်း ကာယကံရှင်က မဇ္ဈိမသို့ ပြောသည်။

" ကျွန်တော်မနေ့က( ဧပြီ ၅ )  မှ သိရတာပါ၊ ဒီမှာက ၁၉ ရက်နေ့ဆိုတော့ အကုန်လုံးကလည်း ကျွန်တော်ကို အဆက်သွယ်လုပ်နေကြတယ် ၊ ပါတီအနေနဲ့ အဲဒါကို တရားဝင်ကြေညာသင့်တယ်၊ သူတို့က ပါတီလေ။ ကျွန်တော်က တစ်ယောက်ထဲလေ၊ အခုလောလောဆယ်တော့ ကျွန်တော် ရှိမှာ သတင်းအချက်အလက် အပြည့်မရှိပါဘူး။ မနေ့ကမှ ဒီဟာကို ရတာပါ။ အဲတော့ ၁၉ ရက်နေ့  မှ ရတာ မဟုတ်ပါဘူး။ ၁၉ ရက်နေ့တည်းက ပြောထားတယ်ဆိုပြီးတော့ တစ်ချို့လူတွေက လျှောက်ပြောနေတာပါ ။ ဘာမှမဟုတ်ပါဘူး ။ကျွန်တော် ဒီနေ့တော့ဘာမှ မပြောနိုင်ပါဘူး ၊ စကား မှားသွား မှာလည်း မမှားချင်ဘူး" ဟု ကိုအောင်ခန့်က ဧပြီ ၆ ရက်တွင် ပြောသည်။

မတ်လ ၁၉ ရက်နေ့ပါ ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှ ပါတီဝင် ဦးအောင်ခန့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ပါတီဝင် အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အကြောင်းစာမှာ ဧပြီလ ၆ ရက်နေ့ နံနက်အစောပိုင်းတွင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

" အဲဒီဓာတ်ပုံတွေလည်း အကုန်လုံးလွှင့်နေပါပြီ။ ဓာတ်ပုံက ၂ ခု လွှင့်နေတယ် ၊တစ်ခုက စာကိစ္စ ၊ စာကိစ္စက ပိုပေါက်သွားတယ် ၊ ဒုတိယဟာက ကျွန်တော်လက်မှတ်ထိုးတဲ့ဟာ။ ၂ ခုလုံးလွှင့်နေတယ် ။ အဲဒါကို ကျွန်တော်လုပ်တာမဟုတ်ပါဘူး" ဟု ကိုအောင်ခန့်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်က ကျင်းပပြီးစီးခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် NLD ပါတီမှ ယှဉ်ပြိုင်မှုရှိနေသာ်လည်း ကိုအောင်ခန့်က မဲဆန္ဒနယ် အမှတ် ၃ မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲရေ ၂ သောင်းကျော်ဖြင့် ရှုံးနိမ့်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က" ကျွန်တော်တို့က စည်ပင်မှာ အဖွဲ့ချုပ်က ရွေးချယ်တဲ့ ကိုယ်စားလောင်းတွေ ဝင်ပြိုင်ပြီးတော့ ဘယ်ပါတီဝင်မှာ တစ်သီးပုဂ္ဂလ အရွေးမခံဘူးလို့ စည်းကမ်းချက် ထုတ်ထားပါတယ်။ အဲဒီစည်းကမ်းချက်ကို ချိုးဖောက်လို့ ပါတီစည်းကမ်းအရ အရေးယူလိုက်တာပါ။ နဂိုတည်းက ကြေညာထားပြီးသားပါ ။" ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပါတီဝင်အဖြစ်မှ ဦးအောင်ခန့်ကို ထုတ်ပယ်လိုက်သည့်အကြောင်းကြားစာတွင် မတ်လ ၁၆ ရက်နေ့  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်ခြင်းဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းလက်မှတ် ရေးထိုးထားသည်။

“ အစထဲက ကျွန်တော်တို့က နိုင်ငံရေး နဲ့ကင်းရှင်းရမယ်ဆိုပြီး ရေးထားပါတယ်၊ ကျွန်တော်တို့အားလုံး နိုင်ငံရေးပါတီတွေ မပါသင့်ပါဘူး ။ အဲဒါပါပဲ၊ ကျွန်တော်အနေနဲ့လည်း ပါသင့်တယ်လို့မထင်ပါဘူး ၊ ကျွန်တော် ဒီကိစ္စကို ရှင်းစေချင်ပါတယ်။ ကျွန်တော်အနေနဲ့လည်း ရှင်းပြချင်ပါတယ်။ ကျွန်တော့ကို မဲပေးခဲ့တဲ့လူထုကိုလည်း ရှင်းပြချင်ပါတယ်၊ ပါတီကိုလည်း ပြန်ပြီးရှင်းပြချင်ပါတယ် ၊ကျွန်တော် နောက်အပတ်ထဲမှ သတင်းစာရှင်းလည်းပွဲ တစ်ခုလုပ်ပါမယ်။ သင်္ကြန်မတိုင်ခင် လုပ်ပါမယ်  “ဟု ကိုအောင်ခန့်က ပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှမူ ကိုအောင်ခန့်အနေဖြင့် စာအရောက်နောက်ကျခြင်းကို ပြန်လည်မေးမြန်းနိုင်ကြောင်း၊ ပါတီမှနုတ်ထွက်ပြီးမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ၊အဖွဲ့အစည်းနှင့် လုပ်သည့်အခါ စည်းကမ်းချက်ကို လိုက်နာဖို့လိုကြောင်း ဒေါက်တာမျိုးညွန့်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly