‘ဆာလာရဲ့ အဆင့်အတန်းကို ဘယ်တုန်းကမှ သံသယမဖြစ်မိပါဘူး’ - ကလော့ပ်

‘ဆာလာရဲ့ အဆင့်အတန်းကို ဘယ်တုန်းကမှ သံသယမဖြစ်မိပါဘူး’ - ကလော့ပ်
Photos: AFP

မိုဟာမက် ဆာလာဟာ ၈ ပွဲဆက် ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့သလို လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ဇယားထိပ်ကနေ ဦးဆောင်နိုင်အောင် ကူညီခဲ့တာကြောင့် နည်းပြ ယာဂန် ကလော့ပ်က သူ့အနေနဲ့ အီဂျစ်တိုက်စစ်မှူးကို ဘယ်တုန်းကမှ သံသယမရှိခဲ့ကြောင်း အခိုင်အမာ ပြောဆိုသွားပါတယ်။

စိန့်မေရီကွင်းမှာ ဆောက်သမ်တန်ကို ၃-၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ဆာလာဟာ ကောင်းမွန်လှတဲ့ တစ်ကိုယ်တော် ကျော်ဖြတ်ပြေးဆွဲမှုနဲ့အတူ ဂိုးသွင်းပုံစံကို ပြန်လည်ရရှိခဲ့ပြီး လီဗာပူးလ်အတွက် အနိုင်ဂိုး သွင်းပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

စီးတီးအသင်းဟာ လက်ကျန်တစ်ပွဲ ကစားဖို့ ရှိတာကြောင့် ဆုဖလားပြိုင်ဆိုင်မှုမှာ စီးတီးရဲ့ လက်ထဲ ရှိနေသေးပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်အသင်းဟာ အမှတ်ပေးလိဂ်ဖလား ဆွတ်ခူးဖို့ ၂၉ နှစ် စောင့်စားရမှုကို အဆုံးသတ်ဖို့အတွက် စီးတီးကို ဆက်လက် ဖိအားပေးလုပ်ဆောင်နေပါတယ်။

ကလော့ပ်ရဲ့ အသင်းဟာ မိနစ် ၈၀ မှာ ဆာလာရဲ့ သွင်းဂိုးမတိုင်ခင်အထိ အမှတ်ဆုံးရှုံးရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရလုနီးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးပေါက် ၂ လနီးပါးပျောက်ဆုံးနေတဲ့ ဆာလာရဲ့ ဂိုးကြောင့် နိုင်ပွဲရဖို့ တွန်းအားတစ်ရပ်ဖြစ်ခဲ့ပါတယ်။

"ကျနော့်အတွက် သူက ကြီးကျယ်တဲ့ ကစားသမားဖြစ်ခဲ့တာကြောင့် ဘာမှ သံသယဖြစ်စရာ မရှိခဲ့ပါဘူး။"လို့ ကလော့ပ်က ပြောပါတယ်။

"ဒီဂိုးဟာ လီဗာပူးလ်အတွက် ဂိုး ၅၀ မြောက်ပါ။ မယုံနိုင်လောက်တဲ့ အရေအတွက်ပါပဲ။"

ဆာလာဟာ ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ဖို့အတွက် ဂိုးရှေ့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေအတွက် မကြာသေးခင်ရက်သတ္တပတ်များက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူဟာ ပရီးမီးယားလိဂ် ၆၉ ပွဲမှာ ဂိုး ၅၀ မြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အလန်ရှီးယား (၆၆ ပွဲ)နဲ့ နစ္စတယ်ရွိုင်း (၆၈ ပွဲ)တို့နောက် ပွဲအနည်းဆုံးကစားပြီး ဂိုး ၅၀ ပြည့် သွင်းနိုင်တဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဆာလာဟာ လီဗာပူးလ်အသင်းသမိုင်းမှာ ပွဲအနည်းဆုံးကစားပြီး လိဂ်သွင်းဂိုး ၅၀ ပြည့်သူအဖြစ် တောရက်စ် ၇၂ ပွဲ၊ ဆွာရက်ဇ် ၈၆ ပွဲနဲ့ ဖောင်လာ ၈၈ ပွဲတို့ကို ကျော်ဖြတ်ကာ ရပ်တည်ခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ ပွဲစဉ်ဟာ လီဗာပူးလ်အသင်းအတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အကောင်းဆုံးပုံစံမှာ မဟုတ်ခဲ့ပေမယ့်  ရှေ့က လိဂ်ပွဲနှစ်ပွဲဖြစ်တဲ့ စပါးနဲ့ ဖူလ်ဟမ်တို့ကို နောက်ကလိုက်ကစားကာ နောက်ဆုံးမိနစ်ထိ တိုက်ပွဲဝင်ခဲ့တဲ့အတိုင်း အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

"အသင်း စွမ်းဆောင်ရည်ကတော့ ထိပ်ဆုံးအဆင့်မှာ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာ တိုက်ပွဲဝင်ရမယ့် အကြောင်းတရားပါ။"

"လူတွေက ကျနော်တို့ကို မန်စီးတီးလို ကစားစေချင်ပါတယ်။ ကျနော်တို့ အဲဒီလိုမျိုး မလုပ်ဆောင်နိုင်ပါဘူး။ ကျနော်တို့ ကိုယ်ပိုင်ဘောလုံးကစားဟန်အတိုင်း ကစားပါတယ်။"လို့ ကလော့ပ်က ပြောသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly