အငြင်းပွားကျွန်းအနားမှာ ရောက်နေတဲ့ တရုတ်ရေယာဉ်တွေ ပြန်ဆုတ်ခွာဖို့ ဒူတာတေး သတိပေး

အငြင်းပွားကျွန်းအနားမှာ ရောက်နေတဲ့ တရုတ်ရေယာဉ်တွေ ပြန်ဆုတ်ခွာဖို့ ဒူတာတေး သတိပေး

ဧပြီ ၅ ။    ။ တောင်တရုတ်ပင်လယ်ပြင်တွင်းက အငြင်းပွားကျွန်းတစ်ကျွန်း အနီး ရောက်နေခဲ့တဲ့ တရုတ် ရေယာဉ်သင်္ဘောတွေ ချက်ချင်း ပြန်လည် ဆုတ်ခွာသွားကြဖို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ထုတ်ပြန်သတိပေးလိုက်ပါတယ်။

အကယ်၍ တရုတ်ဘက်က မလိုက်နာဘဲ ထပ်မံ ထိပါးလာခဲ့မယ်ဆိုရင် စစ်ရေးအရ အရေးယူဆောင်ရွက်ရနိုင်တယ်လို့ ဒူတာတေးက သတိပေးလိုက်တာဖြစ်ပါတယ်။

ဒူတာတေးအနေနဲ့ အစောပိုင်းတုန်းက အာရှ စူပါ ပါ၀ါနိုင်ငံကြီးဆီက ရင်းနှီးမြုှပ်နှံမှုနဲ့ ကုန်သွယ်မှုတွေကို ဆွဲဆောင်နိုင်ဖို့ ရည်မှန်းထားတာကြောင့်  တရုတ်တို့ရဲ့ ပင်လယ်ပြင်တွင်း ချဲ့ထွင်နေရာယူမှုတွေကို ဆက်မဝေဖန်ဘဲ များသောအားဖြင့် နှုတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုသီတင်းပတ်အတွင်း ရာနဲ့ချီတဲ့ တရုတ် ကမ်းခြေစောင့် ရေယာဉ်တွေနဲ့ ငါးဖမ်းရေယာဉ်တွေက မနီလာ ထိန်းချုပ်ထားတဲ့ Pag-asa ကျွန်းအနီး စုပြုံရောက်ရှိလာတာနဲ့ပတ်သက်လို့ ဒါဟာ ဖိလစ်ပိုင်အချုပ်အချာကို ထိပါးခြင်းဖြစ်တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်သတိပေးခဲ့သလို ယင်းနောက်မှာ သမ္မတ ဒူတာတေးကိုယ်တိုင်ကပါ ထုတ်ဖော်သတိပေးလိုက်တာဖြစ်ပါတယ်။

 “ ဒါနဲ့ပတ်သက်လို့ ကျွန်တော့်ဘက်က မျက်နှာချိုသွေး တောင်းပန်သွားမှာ မဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော် ပြောချင်တာက ဒီနားကနေ ရှောင်ထွက်သွားဖို့ ဖြစ်ပါတယ်၊ အဲဒီ ကျွန်းမှာ ကျွန်တော့်စစ်သားတွေ ရှိပါတယ်” လို့ ဒူတာတေးက ပြောသွားပါတယ်။

တရုတ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား ၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကတော့ ယင်းတောင်တရုတ်ပင်လယ်ပြင်အတွင်းက များစွာသော ကျွန်းတွေနဲ့ ရေလမ်းကြောင်းတွေနဲ့ပတ်သက်လို့ ပိုင်ဆိုင်ကြောင်း အငြင်းပွားနေလျက်  ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required