လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

မနေ့တုန်းက စကားပြေအရေးအသားအကြောင်းပြောလာကြရင်းက စကားလုံးပေါင်းသတ်ပုံအမှားများအကြောင်း ကြားညှပ်ပြီးပြန်ပြောခဲ့ကြရပါတယ်။ နောက်ကြောင်းပြန်ရတဲ့သဘောပါပဲ။
စကားပြေအရေးအသားအကြောင်း ပြောကြမယ်ဆိုရင် ပထမဦးစွာ ပြင်ဆင်ရတဲ့အရာက အဲဒီ စကားလုံးပေါင်းသတ်ပုံကိစ္စပါပဲ။ စကားလုံးပေါင်းကိစ္စ ပြောဆိုဆွေးနွေးပြီးတဲ့အခါကြတော့မှ စကားပြေအရေးအသား အဆင့်ဆင့်ကို ဆက်လက်ပြောဆိုကြရတာပါ။ ဒါပေမယ့် တစ်ခါတရံ စကားလုံးပေါင်းသတ်ပုံအကြောင်း ပြန်ပြန်ပြောရတာလည်းရှိပါတယ်။ လိုအပ်ချက်အရ ပြောကြရတာပါ။ လူငယ်တချို့ဟာ စကားပြေရဲ့အခြေခံကျတဲ့ စကားလုံးပေါင်းသတ်ပုံကိစ္စ အလေးအနက်မထားကြတဲ့အခါ စကားလုံးပေါင်းသတ်ပုံကို အလွယ်တကူပဲ မှားပြီးရေးကြတာတွေ့ရတဲ့အခါ ဒီအကြောင်းကို နောက်ကြောင်းပြန်ပြန်ပြီး ဆွေးနွေးရ သတိပေးနှိုးဆော်ရတဲ့သဘောပါပဲ။

ကဲ ဒီကနေ့ ဘယ်အကြောင်းအရာဆီဆက်ကြမလဲ။

ဟိုတနေ့က ကျနေတို့ပြောလက်စအချက်က လောကမှာ မြင်နိုင်စွမ်းမရှိနိုင်တဲ့ လှုပ်ရှားမှုမြင်ကွင်းမျိုးကို ဥပမာတင်စားမှုနည်းကိုသုံးပြီး  ပေါ်လွင်အောင် မျက်စေ့ထဲမြင်လာရလေအောင် ရေးလို့ရတဲ့အကြောင်း ပြောခဲ့ကြပါတယ်။ ဦးသြဘာသရဲ့ သုနခဥဿဒရက်ငရဲခန်း မြင်ကွင်းအကြောင်းရေးတဲ့ စာပိုဒ်တချို့ကို ထုတ်နှုတ်လေ့လာခဲ့ကြပါတယ်။ ငရဲပြည်ဆိုတာ လူတွေမြင်လို့ရတဲ့အရာမဟုတ်ပါဘူး။ ဒါကိုပဲ တကယ်ရှိသယောင် တကယ်မြင်ယောင်လာအောင် ဦးသြဘာသက ဥပမာစကားလုံးအားကိုးနဲ့ ပေါ်လွင်အောင်ရေးပြခဲ့တာကို ကျနော် ဖတ်ခဲ့ကြရပါတယ်။ ငရဲခွေးတွေကို ဆင်နဲ့ ငရဲလင်းတတွေကို လှည်းဘီးပမာဏနဲ့ နှိုင်းယှဉ်ရေးပြခဲ့တာကို ကျနော်တို့လေ့လာခဲ့ကြပါတယ်။ ဒါက လူတွေ မြင်လို့ကြားလို့မရတဲ့အရာကို စကားပြေနဲ့ပြန်ရေးပြတာကို လေ့လာခဲ့ကြတာပါ။

ဒီကနေ့တော့ “လူတွေအပြင်မှာ အမှန်တကယ်မြင်နိုင်တဲ့ လှုပ်ရှားမြင်ကွင်းကိုဖွဲ့တဲ့ စကားပြေအရေးအသား” ဆက်ပြီး ပြောပြချင်ပါတယ်။ ဒီနေရာမှာ စာရေးဆရာကြီးမောင်ထင်ရဲ့ “တိုက်ပွဲခေါ်သံ” ဝတ္ထုထဲက စာပိုဒ်တချို့ကို တင်ပြလိုက်ပါတယ်။ ကျနော်တို့နိုင်ငံ ဖက်ဆစ်ဂျပန်တွေလက်အောက် နေခဲ့ရစဉ်က ဖက်ဆစ်ဂျပန်ကို တော်လှန်မောင်းထုတ်ဖို့ကြိုးစားရင်း အဲဒီဖက်ဆစ်ဂျပန်တို့လက် အဖမ်းခံရ နှိပ်စက်ခံရတဲ့မြင်ကွင်းကို ရေးဖွဲ့ထားတာပါ။ လှုပ်ရှားနေတဲ့မြင်ကွင်းတစ်ခုကိုရေးဖွဲ့ထားတာပါပဲ။ အင်မတန် အရေးအသားကောင်းမွန်လှတဲ့ လှုပ်ရှားမှုသရုပ်ဖေါ်အဖွဲ့ဖြစ်တာကို တွေ့ကြရပါလိမ့်မယ်။

….အုအေနောက ချွန်မြနေသည့်ဓါးဦးဖြင့် မောင်ရွှေဆောင်၏လည်ပင်းကို ရစ်၍လှီးလိုက်ပါသည်။ မောင်ရွှေဆောင်မှာ တွန့်ကနဲ တစ်ချက် လှုပ်ရှားသွားပါသည်။ အုအေနောက မောင်ရွှေဆောင်၏ကိုယ်ကို စောင်းလှည့်ကာ ဓါးရာချင်းဆက်သွားအောင် လှီးလိုက်ပါသည်။ အတွင်းသို့နက်အောင်မဟုတ်၊ အပေါ်ယံ အရေခွံလောက်ကိုသာ လှီးဖြတ်ခြင်းဖြစ်၍ မောင်ရွှေဆောင်မှာ သတိပြန်မလည်လာပါ။

ကျနော်တို့တတွေမှာ မင်တက်မိ ငေးစိုက်နေမိကြပါ၏။ မျက်လုံးများ ကျွတ်ထွက်ကျလေမလားဟု အောက်မေ့ရပါ၏။ ရင်တွင်းကလည်း ပွင့်ထွက်လုမတတ် တဒိန်းဒိန်း တုန်လှုပ်နေပါ၏။ အုအေနောသည် လည်ပင်းအထက်ပိုင်း အရေခွံအစကိုဖေါ်ကာ လက်နှစ်ဘက်ဖြင့် မိမိရရကိုင်လိုက်၏။ ထိုအခါတွင်ကား ကျန်လူများမှအပ ကျွန်တော်ကမူ ၎င်း၏အကြံအစည်ကို ကောင်းစွာနားလည်လိုက်ပြီဖြစ်ပါ၏။ ဖက်ဆစ်ဘီလူး အုအေနောကား အလှပြသဘော ခေါင်းပုံတစ်ခုကိုပြုလုပ်ရန် စီမံနေခြင်းပေတည်း။

ကျွန်တော်က အင်းအားရှိသမျှ အသံကုန် လှမ်းအော်လိုက်မိပါ၏။ ဘာကို အော်မိသည်ဟူ၍ကား မသိတော့ပါ။ သို့သော် အုအေနောကမူ ကြားဟန်မရှိပါ။ ကျားရဲတစ်ကောင်သည် ရမိထားသော အမဲကောင်၏ လည်ချောင်းသွေးကို ရမ္မက်ကြီးစွာ ခဲမျိုစဉ်နှင့် တူပါလိမ့်မည်။

အုအေနောက ဆတ်ကနဲ အရေခွံကို ဆွဲလှန်လိုက်ပါ၏။ မေးအောက် လည်ပင်းတလျှောက်ကို ဖွေးကနဲမြင်လိုက်ရပါ၏။ နောက်ထပ်၍ နှစ်ကြိမ်သုံးကြိမ်မျှ လျပ်ပြက်သလို လျင်မြန်ပုံမျိုးဖြင့် အုအေနောက ဆောင့်ဆွဲ၍ ခွါလိုက်လျင်ကား မောင်ရွှေဆောင်၏ ဦးခေါင်းအရေခွံသည် ကြက်ငှက်ကို အရေခွံဆုတ်ခွါခြင်းခံရသည့်နည်းတူ ဦးခေါင်းမှ ကျွတ်ကွာ၍ ထွက်သွားပါတော့၏။ ဤသည်နှင့်အတူ မောင်ရွှေဆောင်၏တကိုယ်လုံး တဆတ်ဆတ်တုန်နေရာမှ ဝမ်းခေါင်းတွင်းမှလှိုက်ကာ မချိမဆန့်ထွက်ပေါ်လာသည့် နက်ရှိုင်းသော  အော်သံကြီးကိုလည်း ကြားလိုက်ရပါသေး၏။ ရှေးဦးစွာ မောင်ရွှေဆောင်၏ ဦးခေါင်းမှာ ကျောက်ဖြူကိုဆစ်ထားသည့်ပမာ ဖွေးဖွေးဖြူနေ၏။ ထို့နောက်တွင်မှ အနီရောင်သန်းလာကာ ရဲနီသောသွေးများ ယိုစီးလာကြပါ၏။ သွေးများ စီးယိုလာသည်မှာ နေရာကလေးတစ်ခုမှ အစပြုကာ ပျံ့နှံ့လာခြင်းမျိုးမဟုတ်ပါ။ ရေခဲတုံးတစ်တုံး အရည်ပျော်ရာတွင် မျက်နှာစာအားလုံးမှ တပြိုင်နက်တည်း စိမ့်ယိုပျော်ဆင်းလာသကဲ့သို့ ဖွေးဖွေးဖြူနေသည်။ တစ်ခေါင်းလုံးက တပြိုင်တည်း သွေးများ ယိုစိမ့်လာကာ ရဲရဲနီသွားခြင်းဖြစ်ပါ၏။ ကျွန်တော်၏ မျက်လုံးတွင် ရဲရဲနီသောမြင်ကွင်းသည် တမုဟုတ်ချင်း ကျယ်ပြန့်ကာ အဆမတန်ကြီးမား၍လာ၏။ မြင်ကွင်းတစ်ခုလုံး နီရဲနေရာမှ ရုတ်ချည်းဆိုသလို မဲမှောင်နေသည့်ဘက်သို့ ကူးပြောင်းသွားသည့် အခါတွင်ကား ကျွန်တော်သည် ဘာကိုမျှ ဆက်လက် မမြင်နိင်မကြားနိုင်တော့ပါချေ။…..

ဒါကတော့ ဆရာကြီးမောင်ထင်ရဲ့ တိုက်ပွဲခေါ်သံထဲက ဇာတ်ဝင်ခန်းတစ်ခန်းကို တင်ပြခဲ့တာပါ။

လောကမှာ လူတို့မြင်လို့ကြားလို့ရတဲ့ လှုပ်ရှားမြင်ကွင်းတစ်ခုကို ရေးဖွဲ့တာကို ကျနော်တို့ ဖတ်ခဲ့ကြရတာပါ။ ဖက်ဆစ်ဂျပန် အုအေနောက မြန်မာမျိုးချစ်တော်လှန်ရေးသမား မောင်ရွှေဆောင်ကို ဘယ်လိုနှိပ်စက်သတ်ဖြတ်ပစ်လိုက်တယ်ဆိုတာ စာဖတ်သူများလည်း ကိုယ်တိုင်မြင်နေရသလို ရသမြောက် ရေးဖွဲ့ထားတာ တွေ့ခဲ့ကြရမှာပါ။

ကဲ ဒီကနေ့တော့ ဒီမှာပဲ ခေတ္တရပ်နားကြရပါလိမ့်ဦးမယ်။ မနက်ကြရင်တော့ “စရိုက်လက္ခဏာပြ သရုပ်ဖေါ်အဖွဲ့” ဆိုတာကို ဆက်ပြီး ဆွေးနွေးပါ့မယ်။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

 

 

Mizzima Weekly