အမျိုးသမီးများက အမျိုးသားများထက် သက်တမ်း ၄ ဒဿမ ၄ နှစ် ပိုရှည်

အမျိုးသမီးများက အမျိုးသားများထက် သက်တမ်း ၄ ဒဿမ ၄ နှစ် ပိုရှည်

ကုလသမဂ္ဂ၊ ဧပြီ ၅ ။            ။ တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သက်တမ်း ၄ ဒဿမ ၄ နှစ် ပိုရှည်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကြေညာပါတယ်။

၂၀၀၀ ခုနှစ်ကနေ ၂၀၁၆ အထိ ကမ္ဘာမှာ  လူ့သက်တမ်းဟာ ၅ ဒဿမ  ၅ နှစ် ပိုရှည်လာခဲ့တယ်လို့ ၂၀၁၉ WHO ၏ ကမ္ဘာ့ကျန်းမာရေး စာရင်းက  ဖော်ပြပါတယ်။

ဒါပေမယ့် ဝင်ငွေမညီမျှမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခြင်းတွေနဲ့ ပတ်သက်ပြီး လူများစွာဟာ သက်တမ်းပြည့် မနေရတာတွေ ရှိခဲ့ကြောင်း WHO က သတိပေးပါတယ်။

၂၀၁၆ ခုနှစ်အတွင်း မွေးဖွားတဲ့ ကလေးငယ်တစ်သီးဟာ သက်တမ်း ၇၂ နှစ်အထိ နေထိုင်ရဖွယ် ရှိပြီး ၂၀၀၀ ခုနှစ် မွေးသူတွေက သက်တမ်း ၆၆ ဒဿမ ၅ နှှစ် နေထိုင်ရတာထက် သက်တမ်းပိုရှည်လာနိုင်ကြောင်း WHO က ဆိုပါတယ်။

ရာစုနှစ်ရဲ့ အဆိုပါ ၁၆ နှစ်တာမှာ အဓိက ကန္တရာတစ်ပိုင်း အာဖရိက အပါအဝင် နယ်မြေဒေသတွေမှာ အသက် ငါးနှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်း ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။

ခုလို လူ့သက်တမ်း ပိုရှည်လာတာဟာ အိတ်ချ်အိုင်ဗီကို နိုင်နင်းလာခြင်းကြောင့်လည်း ပါတယ််လို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာလည်း တိုးတက်မှုတွေ ရှိနေပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကြားက လူသက်တမ်း ကွာဟချက် ရှိနေဆဲပဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဝင်ငွေနည်းနိုင်ငံတွေဟာ ဝင်ငွေမြင့်တဲ့ နိုင်ငံတွေရဲ့ ပျမ်းမျှသက်တမ်းထက် ၁၈ နှစ် ပိုတိုကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လီဆိုသိုနိုင်ငံက လူ့သက်တမ်းဟာ ပျမ်းမျှ ၅၂ နှစ်ဖြစ်ပြီး ဗဟိုအာဖရိကမှာ  သက်တမ်း ၅၂၊ ၅၃ ဖြစ်ကာ နှိုင်းယှဉ်မယ်ဆိုရင် ဆွစ်ဇာလန်ဟာ ပျမ်းမျှ လူ့သက်တမ်း ၈၃ နှစ်ရှိပြီး ဂျပန်မှာ ၈၄ နှစ်ရှိတာကို တွေ့ရှိကြောင်း WHO က ထုတ်ပြန်ခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required