ပြည်သူ့လွှတ်တော် ဒုတိယသက်တမ်းအတွက် ထပ်ယှဉ်ပြိုင်မယ့် ဒေါ်ဒွဲဘူနဲ့ တွေ့ဆုံခြင်း

ပြည်သူ့လွှတ်တော် ဒုတိယသက်တမ်းအတွက် ထပ်ယှဉ်ပြိုင်မယ့် ဒေါ်ဒွဲဘူနဲ့ တွေ့ဆုံခြင်း

ချင်းမိုင်၊ အောက်တိုဘာ ၃ ။           ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးအမတ်လောင်း ၈၀၀ နီးပါး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။  ၎င်းအရေအတွက်သည် စုစုပေါင်းအမတ်လောင်း အရေအတွက်၏ ၁၄ ရာခိုင်နှုန်း ရှိနေသည်။ အဆိုပါ ၁၄ ရာခိုင်နှုန်းမှာ တစ်ဦးအပါအဝင်ဖြစ်သည့် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါ်ဒွဲဘူ ကို မဇ္ဈိမက ယခုလိုတွေ့ဆုံမေးမြန်းထားပါသည်။

ဆရာမအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ထပ်ပြီးယှဉ်ပြိုင်မယ်လို့သိရပါတယ်။ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာလဲ၊ ဘာကြောင့် ထပ်ပြီးယှဉ်ပြိုင်ဖြစ်တာလဲ ဆိုတာ သိပါရစေရှင့်။

ကျွန်မက ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကနေ ယှဉ်ပြိုင်မှာပါ။ ဒုတိယ အကြိမ် ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ချက်ကတော့ နဂိုကတည်းက ချပြီးသားပါ။

ဘာလို့လဲဆိုရင် ကိုယ့်မဲဆန္ဒနယ် ကလည်း မဖွံ့ဖြိုးမတိုးတက်သေးဘူး၊ ငြိမ်းချမ်းရေးကလည်း မရသေးဘူး၊ ပြီးရင် ကျွန်မမဲဆန္ဒနယ်ကလည်း ငြိမ်းချမ်းရေးရဖို့လိုတဲ့နေရာလည်း ဖြစ်တယ် ၊နောက်ပြီးတော့ဒေသဖွံ့ဖြိုးတိုးတက်ဖို့လည်းလိုတယ်၊ ကိုယ့်ကချင် လူမျိုးတွေရဲ့ အရေးကိစ္စတွေလည်း အများကြီးရှိသေးတယ်။ ပြည်နယ်အရေး၊ တိုင်းပြည်အရေး၊ ဥပဒေတွေ အများကြီးပြောင်းလဲ ဖို့လိုတဲ့အတွက်ပါ။ ပထမလုပ်တဲ့အလုပ်တွေကဆိုလို့ရှိရင် ဒုတိယအကြိမ်မှာ ပိုပြီးခိုင်မာ အောင်လုပ်မှာ ဖြစ်တဲ့အတွက် ဒုတိယအကြိမ် ဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ရှင်။

အခုလို ဒုတိယအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဆရာမအတွက် ဘယ်လိုအခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိလာနိုင်လဲရှင့်။

ဒုတိယအကြိမ်ရွေးကောက်တဲ့အခါမှာတော့ စိန်ခေါ်မှုတွေတော့ရှိပါတယ်။ ဒါပေမဲ့ ပိုပြီးတော့ ပျော်စရာ ကောင်းတာလည်း ရှိပါတယ်။ ဘာကြောင့်လဲဆို ပထမအကြိမ် ရွေးချယ်တယ်ဆိုတာ အင်ဂျန်းယန် ဟာအစိမ်း သက်သက်ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကတော့ ဘာဘဲပြောပြော ဒေသခံတွေလည်း အကုန်လုံးနဲ့ ရင်းနှီးပြီး သားဖြစ်နေပြီ၊ ကျွမ်းဝင်နေပြီးသားဖြစ်နေပြီ။ ဒါတွေဟာ ကောင်းတဲ့အရာတွေပေါ့။ ဒါပေမဲ့ စိန်ခေါ်မှုတွေကတော့ ရှိနေဆဲပါပဲ။ ဘာလို့လဲဆိုတော့ ပထမအကြိမ် ပြိုင်တဲ့အခါမှာလည်း ပါတီက ၂ ခုဘဲပြိုင်တာပေါ့နော်။ အခုက ကျွန်မနဲ့ဆိုရင် ၆ ပါတီရှိတယ်။ အမျိုးသားအများကြီးနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်ပေါ့နော်။ ယှဉ်ပြိုင်တဲ့သူ အားလုံးကိုလည်း လေးစားပါတယ်။ ဒါပေမဲ့ ပါတီအများကြီးဆိုတဲ့အခါကျတော့ ယှဉ်ပြိုင်မှုအပိုင်းမှာ စိန်ခေါ်မှု တစ်ရပ်တော့ ဖြစ်ပါတယ်ရှင့်။

ပြီးခဲ့တဲ့လွှတ်တော်သက်တမ်း ငါးနှစ်တာကာလမှာရော အမျိုးသမီးအမတ်လောင်းတစ်ဦးအနေနဲ့ ဘယ်လို အခက် အခဲတွေ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရပါသေးလဲ။

ပြီးခဲ့တဲ့ လေးနှစ်တာ ငါးနှစ်ပြည့်ခါနီးတုန်းကတော့ အမတ်လောင်းတစ်ဦးအနေနဲ့ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်၊ စိန်ခေါ်မှုလည်း အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီစိန်ခေါ်မှုတွေကို ပြည်သူတွေ အတွက် အလုပ်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ရင်ဆိုင်ကျော်လွှားခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီဆိုတာက ကိုယ်လုပ်ချင်တိုင်းလည်း မဖြစ်လာပါဘူး။ အကြီးဆုံးစိန်ခေါ်မှုကတော့ ကိုယ့်ဒေသ ဖွံ့ဖြိုးရေးလုပ်တဲ့အခါမှာ ဘာ ဖြစ်လဲဆိုရင် ကျွန်မဒေသက နှစ်ပေါင်း ၅၀ ကျော် မငြိမ်းချမ်းတဲ့ဒေသဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း အမဲရောင် ဧရိယာနဲ့ အညိုရောင်ဧရိယာ သတ်မှတ်ထားတာဖြစ်တဲ့ အတွက် ဒေသဖွံ့ဖြိုးရေးလုပ်မယ်လို့ ပြောတိုင်းပြောတိုင်း မငြိမ်းချမ်းဘူူး၊ ဘယ်သူမှလာမလုပ်နိုင်ဘူး ဆိုပြီးတော့ ဘတ်ဂျက်တွေမရခဲ့ဘူးပေါ့နော်။ အဲဒီလိုမျိုးကြားထဲက နေမှ မရရအောင် အစိုးရဘက် နဲ့လည်း အတိုက်အခိုက်ပြောဆိုပြီးမှ လမ်းတွေပြင်ခဲ့ရတယ်။ ကျောင်းတစ် ကျောင်းပဲရှိရာကနေ အခု ၃ ကျောင်းတိုးလာနိုင်တဲ့ အနေအထား ရှိလာတယ်ပေါ့နော်။ လက်နက်ကိုင်နေတဲ့၊ တိုက်ပွဲတွေဖြစ်နေတဲ့နေရာမှာ ကိုယ့်လူမျိုးတွေအတွက် ဆောင်ရွက်တဲ့အခါမှာလည်း စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ လွှတ်တော်ထဲမှာလည်း လူအများစုကိုယ့်ဘက်ကို ပါလာဖို့ စည်းရုံးပြီး ဆွဲဆောင်တဲ့အခါမှာလည်း စိန်ခေါ်မှုများ ရှိခဲ့ပါတယ်။

လွှတ်တော်အတွင်းမှာ ဆရာမရဲ့ဆောင်ရွက်နိုင်မှုအပေါ် ကျေနပ်မှုအတိုင်းအတာလေးကိုလည်း ပြောပြပါဦး။

လွှတ်တော်မှာ ဆောင်ရွက်ခဲ့မှုတွေကတော့ ဒီ ၅ နှစ်အတိုင်းအတာမှာ ကျေနပ်ပါတယ်။ အရာရာအား လုံးကိုတော့ လုပ်ချင်သလောက် ပြီးပြည့်စုံတဲ့အောင်မြင်မှုမရပေမဲ့ ဒီအောင်မြင်မှုတွေဟာ နောင် ၅ နှစ်မှာ ဆက်လုပ်မယ်ဆိုလို့ရှိရင် ပြီးပြည့်စုံတဲ့အောင်မြင်မှုရနိုင်မဲ့အနေအထားရှိပါတယ်။ အခုအနေအထားမှာလည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရတာကို ဆက်လုပ်မယ်ဆိုလို့ရှိရင် ပြည့်စုံတဲ့အနေအထားမျိုး ရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒီ ၄ နှစ်အတိုင်းအတာမှာ ကိုယ့်ရဲ့ဒေသဖွံ့ဖြျိးမှုအတွက်ကော ကိုယ့်ရဲ့ပြည်နယ်အတွက်ကော ကိုယ့်လူမျိုးစုတွေအတွက်ကော ကိုယ့်ပြည်နယ်သားတွေ အတွက်ကော ဒီမြန်မာနိုင်ငံမှာရှိတဲ့ မြန်မာပြည်သူ ပြည်သားအတွက်တွေပါ ဥပဒေပြုတဲ့ကဏ္ဍရပ်တွေမှာလည်း အများကြီးပဲ ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ၅ နှစ်တာကာလမှာဆိုလို့ရှိရင် အရာရာတိုင်းဟာ ပြီးပြည့်စုံအောင် အောင်မြင်မှုမဖြစ်ပေမဲ့ အတိုင်းအတာကတော့ ၈၀ % ၉၀% ထိ ကျေနပ်မှုရှိခဲ့ပါတယ်ရှင့်။

ကိုယ့်ဒေသက မဲဆန္ဒနယ်ပြည်သူတွေအတွက်ကော ဘယ်လောက်အတိုင်းအတာထိ လုပ်ပေးခဲ့ပြီးပြီလို့ တိုင်းတာလို့ ရပါသလဲ။

ကိုယ့်မဲဆန္ဒနယ်ကတော့ ကျွန်မတို့ဆီမှာ ကေအိုင်ကေတွေ ရှိတယ်ပေါ့နော်။ ဒီဘက်အစိုးရထိန်းချုပ်တဲ့ ဧရိယာရှိတယ်။ ဧရိယာ ၂ ခု ရှိတယ်ပေါ့နော်။ မဲပေးတဲ့ဧရိယာမှာတော့ လူဦးရေဟာဆိုလို့ရှိရင် သိပ်တော့ မများပါဘူး။ ၉၆၆ ယောက်ရှိပါတယ်။ ဒါပေမဲ့ မဲမပေးတဲ့သူတွေက လူကြီးကလေးပေါင်းလို့ရှိရင် တော်တော် လေးရှိပါတယ်။ နောက်ပြီး ကျွန်မတို့နဲ့ ကပ်လျက်ဖြစ်တဲ့ ကေအိုင်အေထိန်းချုပ် ဧရိယာက ပြည်သူတွေဟာ ဆိုလို့ရှိရင်လည်း မဲပေးခဲ့တဲ့ ပြည်သူတွေမဟုတ်ပေမဲ့ ကျွန်မတို့ရဲ့ပြည်သူတွေပါပဲ။ ဆောင်ရွက်တဲ့အပိုင်းမှာ ကေအိုင်ကေ ထိန်းချုပ်ဧရိယာဘက်မှာကော အစိုးရထိန်းချုပ် ဧရိယာဘက်မှာကော ၂ ဖက်စလုံးက လူထုတွေ ဖြစ်တဲ့အတွက် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ အထူးသဖြင့် ကျွန်မတို့ ဒေသကဆိုလို့ရှိရင် ဆင်းရဲနွမ်းပါးတယ်။ မဖွံ့ဖြိုးမတိုးတက်တဲ့အတွက် အဓိကကဆိုလို့ရှိရင် ကျန်းမာရေးက ပိုအရေးကြီးတဲ့အတွက် ဆေးဝါးပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ နောက်တစ်ခါ ကျွန်မတို့ဒေသဖွံ့ဖြိုးရေးရံပုံငွေဖြစ်တဲ့ သိန်း ၁၀၀၀ နဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ မူကြိုကျောင်းတွေလုပ်တယ်။ ပညာသင်တဲ့ကျောင်းသားတွေအတွက် စာရေးကိရိယာကအစ အစစအရာရာ ပံ့ပိုးနိုင်ခဲ့ပါတယ်။

ဆရာမက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဆောင်ရွက်နေစဉ်မှာ မိသားစုက ဘယ်လိုပံ့ပိုး ခဲ့ကြပါသလဲ။

သူများနိုင်ငံတွေမှာဆိုလို့ရှိရင် အနောက်ကနေ background ကောင်းကောင်းနဲ့ ငွေကြေးရှိမှလည်း နိုင်ငံရေးလုပ်နိုင်ကြတယ်ပေါ့နော်။ ကျွန်မတို့ နိုင်ငံရေးမှာဝင်လာတဲ့အခါမှာလည်း ကျွန်မတို့နောက်မှာ ပံ့ပိုးဖို့ တော့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ထိ အနောက်ကနေပံ့ပိုးမှုက ကြီးကြီးမားမားမရှိပါဘူး။ ရုန်းကန်ရပါတယ်။ ယခင်ကာလဆို ကျွန်မတို့ကိုယ်တိုင်က မိသားစုအတွက် ရုန်းကန်ရတယ်။

ဘာကြောင့်လဲဆိုရင် ကျွန်မအမျိုး သားက ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ အနုပညာသမားဆိုတော့ စားဝတ်နေရေးခက်ခဲတဲ့အထဲမှာ ပါတယ်ပေါ့ နော်။ ပန်းချီဘယ်လောက်ဆွဲထားပေမဲ့ ကျွန်မတို့လူထု အများကဆိုလို့ရှိရင် ပန်းချီကို ခံစားဖို့ထက် ဝမ်းရေးကို ခံစားဖို့ပဲ ရှိတဲ့အတွက် ဒီလောက်ကြီးရောင်းမထွက်တဲ့အတွက် ကျွန်မနိုင်ငံရေးထဲ ရောက်သွားတဲ့အခါမှာ မိသားစုက တော်တော့်ကို အခက်အခဲဖြစ် ပါတယ်။ သားသမီးတွေအတွက်လည်း အခက်အခဲဖြစ်ပါတယ်။ ကျွန်မသားတွေဆို ပြောပါတယ်။ အမေရှေ့နေပဲပြန်လိုက်ပါလို့ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ဝင်သွားတဲ့အခါမှာရှေ့နေ တုန်းကထက်ပိုပြီးမှ  ပြည်သူအတွက် လုပ်ပေးနိုင်တဲ့အလုပ်ဆိုတာ မြင်ပါတယ်။ ဘာလို့လဲဆို ရှေ့နေလုပ်ငန်းက ကိုယ့်ကိုလာငှားတဲ့ တစ်ယောက်ဖြစ်ချင်ဖြစ်မယ် ၊ ၂ ယောက်ဖြစ်ချင်ဖြစ်မယ်၊ တစ်ရာမှာ ဆယ်ယောက်ဖြစ်ချင်ဖြစ်မယ်၊ သူတို့အတွက်ဘဲ လုပ်ပေးနိုင်ခြင်းဖြစ်ပါတယ်။

ကျွန်မတို့ကပြည်သူ့ကိုယ်စားလှယ်လုပ်မှ နိုင်ငံရေးထဲဝင်သွားတယ်ဆိုလို့ရှိရင် ကျွန်မတို့ဟာ ပြည်သူအတွက် အများကြီး ဆောင်ရွက်ပေးနိုင်ပါတယ်။ မိသားစုရဲ့ပံ့ပိုးမှုကဆိုလို့ရှိရင် ဘာဘဲပြောပြောနိုင်ငံရေး မှာလုပ်ဖို့ကတော့ အားပေး ကြပါတယ်။ ဒါပေမဲ့ မိသားစုကတော့ တော်တော်လေးဆုံးရှုံးရပါတယ်။ ၁ နှစ်မှာ ၈ လလောက်က နေပြည် တော်မှာရောက်နေတယ်။ ကျန်တဲ့လတွေမှာလည်း ကျွန်မတို့က အလုပ်ရုံဆွေးနွေးပွဲတွေတက်ရတယ်။ နိုင်ငံ တကာလေ့လာမှုတွေဆိုလည်း သွားရတယ်။

နောက်မဲဆန္ဒနယ်လည်း အချိန်ပေးရတယ်ပေါ့နော်။ ကျွန်မတို့က သားသမီးတွေနဲ့ ကင်းဝေးလာတဲ့အခါမှာ သားသမီးတွေအပိုင်းမှာ လစ်ဟင်းလာတဲ့အပိုင်းဖြစ်တယ်။ အမျိုးသမီး တစ်ယောက်ဖြစ်တဲ့အတွက် အိမ်မှုကိစ္စတွေက အိမ်ပြန်တိုင်း ကိုယ့်ကိစ္စဖြစ်နေတဲ့အတွက် ကျွန်မတို့ဟာ တာဝန်တွေက အများကြီးဖြစ်နေတဲ့အတွက် တစ်ခါတလေ စိတ်ဂယောက်ဂယက်ဖြစ်တဲ့ အပိုင်းမျိုးတွေဖြစ်တယ်။ လုပ်ငန်းမှာ ဆိုလို့ရှိရင် အာရုံကို မနည်းစူးစိုက်မှုယူရတာရှိတယ်။ အောင်မြင်မှုရှိသလို ဒုက္ခရောက်ရ တာတွေ အနစ်နာခံရတာတွေ ပေးဆပ်ရတာတွေလည်း အများကြီးရှိပါတယ်ဆိုတဲ့ဟာလည်း ပြောပြချင်ပါ တယ်။

ဆရာမလို အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ကို နိုင်ငံရေးနယ်ပယ်ထဲကို ရောက်အောင်တွန်းပို့လိုက်တဲ့ လှုံ့ဆော်မှုတွေက ဘာတွေဖြစ်မလဲရှင့်။

ကျွန်မက အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ အလုပ်လည်းလုပ်ရပါတယ်။ အရင်က ရှေ့နေတစ်ယောက်ဖြစ်တဲ့အတွက် အိမ်မှာ သိပ်မနေဖြစ်ဘူးပေါ့နော်။ အပြင်မှာနေရတာက များပါတယ်။ အပြင် မှာနေပြီး ရှေ့နေလုပ်တဲ့သူတစ်ယောက်အတွက် နိုင်ငံရေးထဲဝင်တော့လည်း သိပ်အခက်ခဲမရှိပါဘူး။ နိုင်ငံရေး ထဲဝင်ဖြစ်တာကတော့ ရှေ့နေလုပ်နေတဲ့အချိန်မှာ အမျိုးသားညီလာခံ ၄ နှစ် တက်ခဲ့ရတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၄ ကနေ ၂၀၀၈ ထိ လေးနှစ်တာကာလ ပါဝင်ခဲ့တဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြန်ပြင်ဆင်ဖို့ဆိုတာက လွှတ်တော်ရောက်မှပဲ ပြင်ဆင်နိုင်မယ်ဆိုတာ အဲ့တုန်းကတည်းက သိခဲ့ပါတယ်။ ဒီဥပဒေဟာဆိုလို့ရှိရင် တိုင်းရင်းသားတွေအတွက် ပြည့်စုံတဲ့ဥပဒေမဟုတ်ဘူး။ နိုင်ငံသားတွေအတွက်လည်း လိုအပ်သေးတဲ့ဥပဒေဖြစ်တယ်ဆိုတာ အဲ့ကတည်းကမြင် တယ်။ ဒါပေမဲ့ ဒီဥပဒေရှိမှသာ ဒီမိုကရေစီကိုလည်း သွားနိုင်မယ်။ အဲ့တုန်းက မလုပ်နိုင်တဲ့ကိစ္စရပ်တွေကို လွှတ်တော်ထဲမှာ လုပ်နိုင်မယ်ဆိုတာ ကျွန်မသိခဲ့တဲ့ အတွက် ဒီဥပဒေကို မဖြစ်မနေပြင်ဖို့ နိုင်ငံရေး ထဲဝင်မယ်ဆိုမှဖြစ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

ဆရာမအနေနဲ့ ပြည်သူ့လွှတ်တော်အမတ် တစ်ယောက်အဖြစ် ပြန်ပြီးအရွေးခံရမယ်ဆိုရင် ဘာတွေလုပ်ပေးဖို့ ရည်ရွယ်ထားပါသလဲ။

ပထမရွေးကောက်ပွဲမှာလည်း ဘာလုပ်ပေးမယ်၊ ဘယ်လိုလုပ်ပေးမယ် ဆိုပြီးတော့ ကိုယ်မမြင်သေးတဲ့ ကတိတွေကို မပေးခဲ့ပါဘူး။ ပြည်သူကို မဖြစ်နိုင်တဲ့ကတိကိုလည်း မပေးချင်ပါဘူး။ ဒါပေမဲ့ လွှတ်တော်ကိုယ် စားလှယ်ဖြစ်လာတဲ့အခါမှာတော့ ပြည်သူတွေဆီမှာ ဘာတွေက အဓိကလိုအပ်တယ်ဆိုတာ ကြည့်ပြီးမှ အဓိက အကျဆုံးတွေကို ရွေးချယ်ပြီးမှ လုပ်ပေးပါ့မယ်။ ကျွန်မတို့ဆီမှာ အဓိကအကျဆုံးကတော့ ငြိမ်းချမ်းရေးပေါ့။

ငြိမ်းချမ်းရေးကို အပေါ်ပိုင်းမှာကြိုးစားနေတာ ၃ နှစ်လောက်ရှိသွားတဲ့အခါမှာ ကိုယ့်ရဲ့မဲဆန္ဒနယ်ကို ပြန်ကြည့် လိုက်တဲ့အခါမှာ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။ ဘာတစ်ခုမှမလုပ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေး ကို အပေါ်မှာပဲလုပ်နေရင် မပြီးဘူး။ အောက်မှာလည်းလုပ်ရမယ်ဆိုတာ နားလည်လာတယ်။ အောက်မှာ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီးမှ ကိုယ့်လူထုအတွက် အလိုအပ်ဆုံးအရာတွေကို တစ်ခုပြီးတစ်ခု ဆောင်ရွက် သွားဖို့ရှိပါတယ်။

ပြည်သူတွေရဲ့လိုအပ်ချက်မှာ ဘယ်ဟာတွေက အကောင်းဆုံးလည်းဆိုတာကို နောင်လာမယ့် ရွေးကောက်ပွဲမှာ ဒါတွေကို ပြည်သူလူထုနဲ့အတူ လုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရထဲက လွှတ်တော်ကော်မတီတွေ နဲ့ဆွေးနွေးတိုင်ပင်ပြီးမှ အကောင်းဆုံးအရာတွေကို လုပ်ဆောင်သွားမယ်လို့ပြောချင်ပါတယ်။ ကိုယ့်ပြည်နယ်မှာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက် အများကြီးပြုပြင်ပြောင်းလဲရဦးမှာပါ။

အများကြီးဆွေးနွေးရဦးမှာပါ။ စစ်မှန် တဲ့ဒီမိုကရေစီကိုသွားဖို့အတွက် အများကြီးကြိုးစားရဦးမှာပါ။ ကျွန်မတတ်စွမ်းသ၍ ပြည်သူတွေအားလုံးနဲ့ လက်တွဲပြီး ဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်ရှင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags