ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အန္တရာယ်ကင်းနေစေဖို့

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အန္တရာယ်ကင်းနေစေဖို့

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

    
ဆောက်လုပ်နေဆဲ လုပ်ငန်းခွင်တွေဟာ အလွန်အန္တရာယ်များတဲ့ နေရာဖြစ်ပါတယ်။ ကိုယ်သတိမပြုမိတဲ့ အချိန်တိုင်းမှာ အသက်အန္တရာယ်နဲ့ စိုးရိမ်ရသလို၊ ပတ်ဝန်းကျင် အခြေအနေကြောင့်လည်း မတော်တဆမှုတွေ မကြာခဏ ဖြစ်နိုင်ပါတယ်။ ဒီလို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအတွက် အန္တရာယ်ကို သတိပြုကာ ရှောင်ရှားနိုင်ဖို့၊ ကာကွယ်နိုင်ဖို့ နည်းလမ်းတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။
၁။ အကာအကွယ် ပစ္စည်း အစုံအလင် ပါပါစေ။

ကိုယ် လုပ်ကိုင်နေရတဲ့ လုပ်ငန်းခွင်အခြေအနေပေါ်မူတည်ပြီး ဘွတ်ဖိနပ်ရှည်၊ ဦးထုပ်၊ လက်အိတ်၊ ခါးပတ် အစရှိတဲ့ လုံခြုံရေးပစ္စည်းတွေ မဖြစ်မနေ ဝတ်ဆင်ထားဖို့ အရေးကြီးပါတယ်။ ဆောက်လုပ်နေဆဲ နေရာတွေမှာ အန္တရာယ်အလွန်များပြီး ချော်လဲကျနိုင်ခြေ ရှိတာကြောင့် ဖိနပ်ရှည် မစီးခင်မှာ ရွှံ့တွေ ရှိ၊ မရှိ သေချာစစ်ဆေးထားပါ။ ကိုယ်က လုံခြုံရေးပစ္စည်းတွေကို တပ်ဆင်တဲ့ နည်းလမ်းမသိရင် တခြားသူတွေကို မေးမြန်းဖို့ ဝန်မလေးပါနဲ့။
၂။ လိုအပ်တဲ့ ပစ္စည်းတွေကို အနားမှာ ဆောင်ထားပါ။

အရေးပေါ် ဆေးသေတ္တာ၊ မီးသတ်ဆေးဘူး အစရှိတဲ့ ပစ္စည်းတွေ ဘယ်နေရာမှာ ရှိလဲဆိုတာကို သေချာမှတ်ထားပါ။ လုပ်ငန်းခွင်မှာ မတော်တဆမှုဆိုတာ အမြဲဖြစ်နိုင်ပါတယ်။ အလေးအပင် မနေရတဲ့သူဆိုရင် ခါးနာသက်သာစေဖို့ ခါးပတ် ပတ်ထားပေးပါ။ ခြေဆစ်၊ ဒူးဆစ်၊ လက်ဆစ်တွေ မထိခိုက်မိစေဖို့ လိုအပ်ရင် ခြေစွပ်၊ ဒူးစွပ်၊ လက်ကောက်ဝတ်စွပ် စွပ်ထားပေးပါ။ အချွန်အထက် ပစ္စည်းတွေ ကိုင်တွယ်တဲ့အခါ မထိခိုက်မိစေဖို့ လက်အိတ်ရှည် ဝတ်ထားပါ။ သံဂဟေဆက်တာ အစရှိတဲ့ ဆူညံသံတွေကြောင့် နားမထိခိုက်စေဖို့ နားအစွပ် စွပ်ထာထားပါ။
၃။ နှာခေါင်းစည်း၊ လေကာမျက်မှန် တပ်ဆင်ထားပါ။

ဆောက်လုပ်ရေးနေရာတွေဟာ လေကောင်းလေသန့် မရနိုင်တဲ့အပြင် ဖုန်တွေ အလွန်ထူထပ်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ ဘယ်လိုအကာအကွယ်မှ မပါပဲ ကြာကြာအလုပ်လုပ်နေရတယ်ဆိုရင် ဖုန်တွေကို ရှူရှိုက်မိပြီး အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်မှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖုန်တွေ မရှူရှိုက်မိစေဖို့ နှာခေါင်းစည်းကို စနစ်တကျ စည်းထားပါ။ မျက်လုံးထဲ ဖုန်၊ သဲနဲ့ အညစ်အကြေးမှုန့်တွေ မဝင်လာစေဖို့ လေကာမျက်မှန် တပ်ထားပေးပါ။
၄။ အလေးအပင် မတဲ့အခါ သတိထားပါ။

ဘယ်နေရာမှာ အလုပ်လုပ်နေပါစေ အလေးအပင် အတင်၊ အချ ပြုလုပ်တာ ရှိနိုင်ပါတယ်။ အလေးအပင်တွေ ကိုယ့်အပေါ် မပိကျလာစေဖို့၊ အလေးမတဲ့အခါ ခါးကို မထိခိုက်မိစေဖို့ သတိထားပြီး လုပ်ဆောင်ပေးပါ။ မတော်တဆမှု ဖြစ်လာခဲ့ရင်လည်း တစ်စုံတစ်ယောက် ကြားအောင် အော်ခေါ်ပြီး အကူအညီတောင်းပါ။ ပတ်ဝန်းကျင်ရဲ့ အခြေအနေကို အမြဲလေ့လာပါ။ လုပ်ငန်းခွင်သုံးပစ္စည်းတွေကို ပြန့်ချပြီး ထားခဲ့တာမျိုး မလုပ်ပါနဲ့။ တွေ့ရင်လည်း ကိုယ်တိုင်ပဲ ရှင်းလင်းပြီး သိမ်းဆည်းထားလိုက်ပါ။
၅။ လှေကားထစ်တွေရဲ့ ပြဿနာ

ဆောက်လုပ်နေဆဲ လုပ်ငန်းခွင်ရဲ့ လှေကားထစ်တွေဟာ မတော်တဆမှုတွေ အဖြစ်နိုင်ဆုံး အရာတွေထဲက တစ်ခုပါပဲ။ အင်္ဂတေ မခြောက်သေးတာ၊ စိုစွတ်နေတာ၊ ထိခိုက်ပျက်စီးနေတာ၊ ကြ့ံခိုင်မှုမရှိတဲ့ လှေကားထစ်တွေကို သတိထားပါ။ အထူးသဖြင့် အလေးအပင်ပစ္စည်းတွေကို မပြီး လှေကားအတက်အဆင်း ပြုလုပ်နေရတဲ့အခါမျိုးမှာ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လှေကားထစ်တွေမှာ အချိန်အကြာကြီး ရပ်နေတာမျိုး မလုပ်သင့်ပါဘူး။

လက်ကိုင်လှေကား အသုံးပြုတဲ့အခါမှာလည်း သေချာထိန်းညှိပေးမှ တက်ပါ။ ကိုယ်တက်မယ့် နေရာထက် လှေကားဟာ ၃ပေ ကနေ ၄ပေထိ ရှည်သင့်ပါတယ်။ တက်တဲ့အခါမှာလည်း လက်မှာ ပစ္စည်းတွေကိုင်ထားတာမျိုး မလုပ်ပါနဲ့။ လှေကားကို တစ်ဆင့်ထက်ပိုပြီး ကိုင်တက်တာ၊ လှေကားထစ်တွေကို ၂ဆင့်၊ ၃ဆင့် ခုန်တက်၊ ခုန်ဆင်းပြုလုပ်တာတွေဟာ အလွန်အန္တရာယ်များတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။
၆။ တစ်ဦးတစ်ယောက်တည်း မလုပ်နိုင်ရင် အကူအညီတောင်းပါ။

အလေးအပင်မတဲ့အခါ ဖြစ်စေ၊ မတော်တဆမှု ဖြစ်တဲ့အခါ၊ စက်ပစ္စည်းယန္တရားတွေ ကိုင်တွယ်တဲ့အခါ လုပ်ဖော်ကိုင်ဖက် တစ်ဦး အနည်းဆုံး ရှိနေပါစေ၊ လိုအပ်ရင် အကူအညီတောင်းပါ။

ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆိုတာ အန္တရာယ်များတဲ့ နေရာဖြစ်ပေမယ့် ကာကွယ်မယ့်နည်းလမ်းတွေ သေချာလိုက်နာ ကျင့်သုံးမယ်ဆိုရင် မတော်တဆထိခိုက်မှု မရှိသလောက် နည်းသွားနိုင်ပါတယ်။
၇။ လျှပ်စစ်ပစ္စည်းတွေ ကိုင်တွယ်တဲ့အခါ သတိထားပါ။

မိုးရွာပြီး ရေစိုနေတဲ့အချိန်၊ ဓာတ်ကြိုးတွေ ပေါက်နေတာ ရှိရင်၊ ဒါမှမဟုတ် စက်ချို့ယွင်းမှုကြောင့် ဓာတ်လိုက်တာ၊ လျှပ်စစ်ပစ္စည်းတွေ ပေါက်ကွဲတာ ဖြစ်နိုင်ပါတယ်။ လက်အိတ်မပါပဲ လျှပ်စစ်ပစ္စည်းတွေကို ထိကိုင်တာမျိုး မလုပ်ပါနဲ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly