သူရဦးရွှေမန်းကို ရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ရန် ခွင့်ပြု

သူရဦးရွှေမန်းကို ရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ရန် ခွင့်ပြု
ဓာတ်ပုံ- သူရရွှေမန်းဖေ့စဘုတ်

 နေပြည်တော်(ဧပြီ၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ သူရဦးရွှေမန်း ဦးဆောင်မည့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ(UBP) တည်ထောင်ရန် ယနေ့ ဧပြီ ၄ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ခွင့်ပြုလိုက်သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်မည်ဆိုပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)ထံ ပါတီတည်ထောင်ခွင့် တင်ပြရပြီး UEC က ပါတီတည်ထောင်ခွင့်ပြုပါက ဒုတိယအဆင့်အနေဖြင့် ပါတီမှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထားရမည် ဖြစ်သည်။

“မှတ်ပုံတင်ခွင့် လျှောက်ထားလာရင် ကျွန်တော်တို့ စိစစ်စရာရှိတာတွေ စိစစ်မယ်။ ကြေငြာစရာရှိတာတွေကို ကြေငြာပြီးမှ မှတ်ပုံတင်ခွင့်ပြုဖို့အတွက် အဆုံးအဖြတ်ပြုရမှာပေါ့။ သူတို့ရဲ့ အမည်၊ အလံ၊ တံဆိပ်တွေကို ကန့်ကွက်ရန်ရှိ၊ မရှိ သတင်းစာထဲမှာ တရားဝင် ကြေညာဦးမှာ” ဟု ဦးမြင့်နိုင်က ဧပြီ ၄ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ပါတီတည်ထောင်ရန် ခွင့်ပြုချက် ရရှိသည့်နေ့ရက်မှစ၍ တစ်လအတွင်း မိမိတို့ တည်ထောင်လိုသော ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် ပုံစံ(င)နှစ်စုံနှင့်အတူ ပါတီတည်ထောင်လိုသူများ၏ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က ကော်မရှင်က သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေး ငွေကျပ်သုံးသိန်း ပေးသွင်း၍ ကော်မရှင်ထံ ကိုယ်တိုင် လာရောက် လျှောက်ထားရမည် ဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို တည်ထောင်ရန် အဓိက အချက်နှစ်ချက်ရှိပြီး ၎င်းတို့မှာ နိုင်ငံတော်နှင့်နိုင်ငံသား အကျိုးစီးပွားအတွက် အလုပ်အကျွေးပြုရန်နှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ယခုထက် ပိုမိုသာလွန်ကောင်းမွန်အောင် ဆောင်ရွက်ရန် သင့်တော်သည့်အချိန်ရောက်ပြီဟု ယူဆသောကြောင့်ဖြစ်သည်ဟု သူရဦးရွှေမန်းက ပြောဆိုထားသည်။

 ပါတီ၏ မူဝါဒများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး၊ စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင််ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုကဏ္ဍတို့ကို စနစ်တကျ အကောင်အထည်ဖော်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် မြန်မာနိုင်ငံနှင့် ဆီလျော် လိုက်ဖက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာရေးတို့ဖြစ်သည်ဟုလည်း သူရဦးရွှေမန်းက ၎င်း၏ လူမှု ကွန်ယက်မှတစ်ဆင့် ဖေဖော်ဝါရီ ၅ရက်က ထုတ်ဖော်ကြေငြာထားသည်။

လက်ရှိတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)အနေဖြင့် ပါတီမှတ်ပုံတင် မကျသေးသဖြင့် တရားဝင် မဟုတ်သေးသော်လည်း တိုင်းဒေသကြီးအသီးသီးတွင် ပါတီနှင့်ပတ်သက်ပြီး ဆက်သွယ်ညှိနှိုင်းမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနည်းဆုံး မြို့နယ်ပေါင်း နှစ်ရာ ကျော်တွင် ဝင်ပြိုင်ရန် လျာထားကြောင်း ပါတီနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“ကျွန်တော်နားလည်ထားသလောက်ကတော့ ပြည်ထောင်စုတဝှမ်းလုံးမှာ စည်းရုံးလှုပ်ရှားမယ့် ပါတီဖြစ်တဲ့ အတွက် မြို့နယ်ပေါင်း အနည်းဆုံး နှစ်ရာကျော်မှာ ရွေးကောက်ပွဲဝင်မှာ” ဟု အမည်မဖော်လိုသည့် အဆိုပါ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ဝက်ဆိုက်ဒ်တွင် ဖော်ပြထားချက်အရ ၂၀၁ဝပြည့်နှစ်မှစ၍ လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ စုစုပေါင်း ၁၁၁ပါတီ ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly