လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ်ကာကွယ်မည့် အောင်လအန်ဆန်

လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ်ကာကွယ်မည့် အောင်လအန်ဆန်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြီးခဲ့သည့် မတ်လ ၃၁ ရက် ညနေခင်း၌ ကျင်းပခဲ့သည့် ONE: A New Era ပြိုင်ပွဲကြီးတွင် မြန်မာ့အားကစားရှေ့ဆောင်ပုဂ္ဂိုလ်ဖြစ်သူ အောင်လအန်ဆန်မှ ပြိုင်ဘက်ဖြစ်သူ ဂျပန်အားကစားသမား Ken  Hasegawa ကို မည်ကဲ့သို့ပြတ်ပြတ်သားသား အနိုင်ယူထိုးသတ်ခဲ့သည်ကို ပရိသတ်များ မျက်ဝါးထင်ထင် ရှုမြင်ခဲ့ကြရပြီဖြစ်သည်။

အဆိုပါပြိုင်ပွဲကြီးသည်  အောင်လအန်ဆန်အတွက် ONE Championship မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့ကို တတိယအကြိမ်မြောက် ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ Alexandre Machado အား အနိုင်ယူကာ ၎င်းသည် ဖယ်သာဝိတ်တန်းတွင် လက်ရှိယှဉ်ပြိုင်နေသော Martin Nguyen ပြီးလျှင် ONE Championship ၌ ပထဆုံး ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သည်။

အောင်လအန်ဆန်သည် ထိုကဲ့သို့ ကမ္ဘာ့ချန်ပီယံဘွဲ့နှစ်ခုကို သိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ ယခုပြိုင်ပွဲအပါအဝင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲ ၃ ကြိမ်တိုင်တိုင် ထိုးသတ်ခဲ့ပြီးဖြစ်သော်လည်း နောက်ထပ်ချန်ပီယံဘွဲ့ဖြစ်သည့် လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကိုမူ စိန်ခေါ်မည့်သူမရှိဖြစ်နေသည်။

သို့သော် ထိုကဲ့သို့ စိန်ခေါ်သူမရှိခဲ့သည့် လိုက်ဟဲဗီးဝိတ်ချန်ပီယံမှာ  မြန်မာနိုင်ငံတော်အလံကို လွှမ်းခြုံထားလျက် အနေအထားဖြင့် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ Brandon Vera ၏ စိန်ခေါ်မှုကို မမျှော်လင့်ဘဲ လက်ခံရရှိခဲ့သည်။

“ မစ္စတာအောင်လ ၊ ဒီညအောင်ပွဲအတွက် ဂုဏ်ပြုပါတယ်။ ခင်ဗျားဟာ ရှားရှားပါးပါး သိပ်ကို ထူးချွန်တဲ့ အားကစားသမားကောင်းတစ်ယောက်ပါပဲ” ဟူသော ထိုစကားကို ပြိုင်ပွဲကွင်းအတွင်းတွင် ဆိုလာသူမှာ ONE Championship ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ Brandon Vera ဖြစ်သည်။

“ကျွန်တော် ခင်ဗျားကို မေးချင်တာကတော့ ကျွန်တော်တို့ နှစ်ဦးစလုံးကျန်းမာနေမယ်၊ အကောင်းဆုံးအနေအထားမှာရှိနေပြီး သဘောတူခဲ့မယ်ဆိုရင်ပေါ့။ လာမယ့် အောက်တိုဘာလမှာ ဒီနေရာ ဂျပန်နိုင်ငံမှာပဲ ကျွန်တော် ခင်ဗျားရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို စိန်ခေါ်မယ်ဆိုရင် ဘယ်လိုလဲ” ဟု Vera က အောင်လကို စိန်ခေါ်စကားဆိုခဲ့သည်။

၂၀၁၇ ခုနှစ်၊ ဇွန်လမှစ၍ ယနေအထိ ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်ထားသည့် အသက် ၃၃နှစ်အရွယ် အောင်လအန်ဆန်ကလည်း ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ Brandon Vera ၏ စိန်ခေါ်မှုကို တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်တော်က Brandon Vera ရဲ့အမာခံပရိသတ်တစ်ယောက်ပါ။ အောက်တိုဘာလအတွင်းမှာ သူနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ” ဟုဆိုကာ စိန်ခေါ်ပွဲကို လက်ခံခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားလမ်းပြကြယ်

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၌ ၁၉ရရခုနှစ်၊ အောက်တိုဘာ ၁ဝရက်နေ့တွင် မွေးဖွားခဲ့သည့် ဖိလစ်ပိုင်-အီတလီလူမျိုး Brandon Vera သည် လက်ရှိအချိန်တွင်  ONE Championship ၏ ချန်ပီယံအများဆုံး စံချိန်ဖြင့် ရပ်တည်နေသော ဖိလစ်ပိုင်ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားလောကအတွက် လမ်းပြကြယ်တစ်ပွင့်ဟုပင် တင်စားရမည့်သူဖြစ်သည်။

လက်ရှိအချိန်တွင် ONE Championship ၏ နိုင်ငံအလိုက် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား ကမ္ဘာ့ချန်ပီယံအရေအတွက်တွင် ဖိလစ်ပိုင်နိုင်ငံသည် ချန်ပီယံ ၆ ဦး စံချိန်ဖြင့် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ Vera သည် ၂၀၁၆ ခုနှစ်ကတည်းက စိတ်ရောကိုယ်ပါမြှပ်နှံပြီး ဖိလစ်ပိုင်နိုင်ငံတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားဖွံ့ဖြိုးရေးအတွက် အခြေချလုပ်ဆောင်သွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။  

၂၀၀၂ ခုနှစ်တွင် အရပ် ၆ ပေ ၂ လက်မခန့်ရှိပြီး ကိုယ်အလေးချိန် ၂၆၅ ပေါင်ခန့်ရှိသည့် Brandon Vera သည် ပရော်ဖက်ရှင်နယ် အားကစားသမားအဖြစ် စတင်ယှဉ်ပြိုင်ခဲ့ပြီး ပထမအချီဒိုင်ပွဲရပ်ဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားလောကကို စတင်ခြေချခဲ့သူဖြစ်သည်။ ၎င်းသည် အားကစားလောကသို့  စတင်ခြေချခဲ့ချိန်မှစ၍ ၁၂ နှစ်တာကာလအတွင်း မြောက်အမေရိကတိုက်ရှိ ကျော်ကြားလှသော ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစား အဖွဲ့အစည်းများဖြစ်သည့် UFC ကဲ့သို့သောအဖွဲ့များမှ ကျင်းပသည့် ဟဲဗီးဝိတ်နှင့် လိုက်ဟဲဗီးဝိတ်တန်းပြိုင်ပွဲများတွင် ကျင်လည်နေခဲ့သည်။

ထိုကဲ့သို့ ဝိတ်တန်းနှစ်ခုတွင် ပြိုင်နေခဲ့သော Brandon Vera သည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သော ONE: WARRIOR’S WAY တွင် စတင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက် Igor Subora ကို ပထမအချီမှာပင် အနိုင်ယူနိုင်ခဲ့သည်။ နောက်ထပ် တစ်နှစ်အကြာတွင် Brandon Vera သည် ပြိုင်ဘက်ဖြစ်သူ Paul Cheng အား ၂၆စက္ကန့်အတွင်း အလဲထိုးအနိုင်ယူကာ ONE ၏ ကမ္ဘာ့ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့သည်။

Brandon Vera သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့သော ONE : Conquest of Champions ပြိုင်ပွဲကြီးတွင် ပြိုင်ဘက်ဖြစ်သူ အီတလီမှ Mauro Cerilli အား လက်သီးဖြင့် အလဲထိုးအနိုင်ယူခဲ့ပြီး ကမ္ဘာ့အကြီးမားဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအဖွဲ့မှ ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ရှုံးပွဲမရှိ စံချိန်တင်ထားသည့် ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ ဖြစ်သည်။

Brando Vera သည် အဆိုပါကာလအတွင်း အနိုင်ယူခဲ့သည့် ယှဉ်ပြိုင်ပွဲ ၄ ပွဲစလုံးအား လက်သီးထိုးချက်နှင့် ခြေကန်ချက်များအသုံးပြုကာ အလဲထိုးနှင့် ဒိုင်ပွဲရပ်ပွဲများအနေဖြင့်  အနိုင်ယူခဲ့ခြင်းဖြစ်သည်။

အားကစားမျက်နှာစာမှ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်နေသည့် အောင်လအန်ဆန်

နောက်ဆုံးယှဉ်ပြိုင်ခဲ့သော ONE Championship ပြိုင်ပွဲ လေးပွဲစလုံးတွင် လက်သီးထိုးချက်၊ ခြေကန်ချက်များအသုံးပြုကာ ဒိုင်ပွဲရပ်ဖြင့် အနိုင် ယူခဲ့သော အောင်လအန်ဆန်သည် ၎င်း၏အောင်မြင်မှုကြောင့် မြန်မာပြည်သူများအကြား စည်းလုံးညီညွှတ်မှုဖြစ်စေမည်ဟု မျှော်လင့်ထားသူလည်း ဖြစ်သည်။

မကြာမီက ယှဉ်ပြိုင်ခဲ့သော ဂျပန်ပြိုင်ဘက် Ken Hasegawa နှင့် ထိုးသတ်မှုသည် အောင်လအန်ဆန်အတွက် ၂နှစ်ကျော်ခန့်ကာလအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံပြင်ပတွင် ယှဉ်ပြိုင်ခဲ့သည့် ပွဲဖြစ်ခဲ့သည်။

အရပ် ၆ပေခန့်ရှိပြီး ကိုယ်အလေးချိန် ၂၀၅ပေါင်ခန့်ရှိသူ စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ အောင်လအန်ဆန်သည် တောရိုင်းတိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်သကဲ့သို့ ပရဟိတလုပ်ငန်းများ အထူးသဖြင့် ပညာရေးဆိုင်ရာ ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်သူတဦးလည်း ဖြစ်သည်။ ၎င်းအား ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ ၉ရက်နေ့တွင် ကမ္ဘာ့တစ်လွှားသဘာဝရန်ပုံငွေ (မြန်မာ) အဖွဲ့ ( World Wide Fund for Nature (WWF) မှ တောရိုင်းတိရိစ္တာန်များ ရာဇဝတ်မှုများ နှိမ်နှင်းရေး ဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်ခဲ့သည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား သမိုင်းအစ

ကမ္ဘာပေါ်ရှိ ကိုယ်ခံပညာရပ်တိုင်းတွင် ရှည်လျားလှသည့် သမိုင်းကြောင်းရှိသကဲ့သို့ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား၏ သမိုင်းအစကို ပြန်ကောက်မည်ဆိုလျင်လည်း ရှေးဟောင်းဂရိနိုင်ငံတွင် ယှဉ်ပြိုင်ခဲ့ကြသော ပန်ခရာရှင်း (Pankration) ဟု ခေါ်သည့် အားကစားပြိုင်ပွဲများအထိ ပြောဆိုရမည်ဖြစ်သည်။
 ပန်ခရာရှင်းသည် ဘီစီ ၆၄၈ တွင် ဂရိအိုလံပစ်ပြိုင်ပွဲများ၌ အားကစားတစ်ရပ်အဖြစ် စတင်ပါဝင်ခဲ့ပြီး လက်ဗလာ ဖြင့် ထိုးနှက်တိုက်ခိုက်ရသည့် အားကစားဖြစ်ကာနပမ်းနည်းစနစ်များကိုလည်း အသုံးပြုခွင့်ပေးခဲ့သည်။

ရှေးဟောင်းတရုတ်နိုင်ငံတွင်လည် အလားတူ အားကစားထွန်းကားခဲ့ပြီး အီဂျစ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့တွင်လည်း ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနှင့် ဆင်တူသော အားကစားများထွန်းခဲ့သည့် သက်သေအထောက်အထားများ ရှိသည်။ ခေတ်သစ် ကိုယ်ခံပညာသိုင်းပေါင်းစုံ သမိုင်းကြောင်းကို ပြန်သုံးသပ်ကြည့်မည်ဆိုပါက ၁၉၀၀ ပြည့်နှစ်အစောပိုင်းကာလများအတွင်း ဥရော၊ ဂျပန်နှင့် ပစိဖိတ်ဒေသများတစ်လျှောက် ကိုယ်ခံပညာ ပေါင်းစုံရောနှောယှဉ်ပြိုင်သည့် ပြိုင်ပွဲများကို မြင်ရမည်။

၁၉၆၀ ပြည့်နှစ်နှင့် ၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလများအတွင်း ကိုယ်ခံပညာပေါင်းစုံရောနှောပြီး တိုက်ခိုက်သည့် အယူအဆကို အနောက်နိုင်ငံများတွင် လူသိများကျော်ကြားစေခဲ့သူမှာ ဂျီကွန်ဒိုပညာကို ဖန်တီးခဲ့သူ နာမည်ကျော် ကွန်ဖူးဘုရင် ဘရုစ်လီပင် ဖြစ်သည်။ အကောင်းဆုံး တိုက်ခိုက်ရေးသမားဟူသည်
 Boxing၊ ကာရာတေးနှင့် ဂျုဒိုသမားစသဖြင့်  သီးသန့်ကိုယ်ခံပညာရပ်တစ်မျိုးမျိုးကို အခြေပြုကာ မဆိုနိုင်ကြောင်းနှင့် ပုံသဏ္ဍာန်အသေများကို ဆုပ်ကိုင်မထားဘဲ အလိုက်သင့်ပြောင်းလဲတိုက်ခိုက်နိုင်ရမည်ဟု ဘရုစ်လီက ယုံကြည်ခဲ့သည်။

၂၀၀၄ ခုနှစ်တွင် UFC ဥက္ကဋ္ဌ Dana White က ဘရုစ်လီအား ကိုယ်ခံပညာသိုင်းပေါင်းစုံ၏ဖခင်အဖြစ် ပြောဆိုခဲ့သည်။

“ဘရုစ်လီ လေ့ကျင့်တဲ့ပုံစံ၊ သူတိုက်ခိုက်တဲ့ ပုံစံနဲ့ သူရေးသားခဲ့တဲ့ အချက်တွေ အများစုကို ကြည့်ရင် ပြီးပြည့်စုံဆုံး တိုက်ခိုက်ရေးစတိုင်လ်က စတိုင်လ်အသေမရှိတာဘဲ ဆိုတာကို ပေါ်လွင်စေခဲ့ပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။

၁၉၉၃ခုနှစ်တွင် UFC ပြိုင်ပွဲများကို သုံးသပ်ကြေငြာသည့် ရုပ်သံတင်ဆက်ဝေဖန်သူ Howard Rosenberg က ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစား Mixed Martial Arts (MMA) ဟူသော အသုံးအနှုန်းကို စတင်သုံးနှုန်းခဲ့သည်။

ONE Championship ပြိုင်ပွဲသမိုင်းတစ်လျှောက် အခမ်းနားဆုံး စိန်ခေါ်ပွဲဖြစ်လာမည့် လိုက်ဟဲဗီးဝိတ်စိန်ခေါ်ပွဲ

ONE Championship ဝိတ်တန်းသတ်မှတ်ချက်အရ ကမ္ဘာ့ချန်ပီယံနှစ်ဦး ဆုံတွေ့ယှဉ်ပြိုင်ရန် Brandon Vera သည် ဟဲဗီးဝိတ်တန်း၂၈၅ ပေါင်မှ လိုက်ဟဲဗီးဝိတ် ၂၂၅ပေါင်အတွင်း ဖြစ်စေရန် ကိုယ်အလေးချိန်လျော့ချရမည်ဖြစ်သည်။ အခြားတစ်ဖက်တွင် မြန်မာသူရဲကောင်းအောင်လအန်ဆန်သည် မစ်ဒယ်ဝိတ် ၂၀၅ ပေါင်ကန့်သတ်ချက်မှ ၂၂၅ ပေါင်အထိ ကိုယ်အလေးချိန်ကို တင်ယူရမည်ဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ စိန်ခေါ်ပွဲမှာ လာမည့်အောက်တိုဘာလအတွင်း ထိုးသတ်ကြမည်ဖြစ်ရာ ၆ လခန့်ကာလအတွင်း ကိုယ်အလေးချိန်အပြောင်းအလဲများကို ကန့်သတ်ချက်အတွင်း ဝင်စေရန် လုပ်ဆောင်ကြရမည်ဖြစ်သည်။

ထိပ်တန်းကိုယ်ခံပညာ အားကစားသမားများအနေဖြင့် ကိုယ်အလေးချိန်အပြောင်းအလဲကလည်း စွမ်းဆောင်ရည်အပေါ်တွင် သက်ရောက်မှုရှိ  တတ်ခြင်းကြောင့် နှစ်ဦးစလုံးသည် သူတို့၏ အကောင်းအဆုံးအနေအထားကို ထိန်းသိမ်းထားနိုင်ရန် အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။

Brandon Vera သည် ပုံမှန်အနေအထားထက် ကျစ်လစ်သည့်ပုံပေါ်နေရာ ၎င်းသည် အောင်လအန်ဆန်နှင့် ထိုးသတ်လိုခြင်းကြောင့် ကိုယ်အလေးချိန်လျော့ချထားခြင်းက အကြောင်းအချက်တစ်ရပ်ဖြစ်ပြီး အခြားအကြောင်း အချက်များလည်းရှိကြောင်း ပြောဆိုခဲ့သည်။

“ဒါက အောက်တိုဘာပွဲအတွက်ကြောင့်ပဲ မဟုတ်ပါဘူး။ ဖိလစ်ပိုင်မှာ ကျွန်တော် ရိုက်ကူးနေတဲ့ ရုပ်ရှင် သုံးကားကြောင့်လည်း ပါပါတယ်။ ဟောလိဝုဒ်မှာဆိုရင်လည်း အဲဒီလိုပဲ မဟုတ်ပါလား” ဟု ၎င်းက ရယ်မောပြောဆိုခဲ့သည်။

သို့သော် အဆိုပါအချက်မှာ  Brandon Vera အနေဖြင့် လျော့ပေါ့ပြောဆိုခြင်းသာ ဖြစ်နိုင်ပြီး အောင်လအန်ဆန်အား လိုက်ဟဲဗီးဝိတ်တန်းတွင် စိန်ခေါ်ရန် အချိန်ယူပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ထင်ရှားစေသည့်အချက်ဖြစ်သည်။ အမှန်တကယ်လည်း  ရုပ်ရှင်ရိုက်ကူးမှုများတွင် ပါဝင်နေသော Brandon Vera သည် တက္ကသိုလ်ကျောင်းသားဘဝကတည်းက နပမ်းအားကစားဖြင့် ပညာသင်ဆုရရှိခဲ့သူဖြစ်ပြီး WKA ၏ စူပါဟဲဗီးဝိတ် KickBoxing ချန်ပီယံလည်း ဖြစ်ခဲ့သည်။

ထို့အပြင် ONE Championship တွင် ထိုးသတ်ခဲ့သည့် ပွဲစဉ်တိုင်းတွင် Brandon Vera သည် လက်သီးနှင့်ခြေကန်ချက်များဖြင့် အလဲထိုး၊ ဒိုင်ပွဲရပ်များဖြင့် အနိုင်ယူခဲ့သူဖြစ်သည်။ အောင်လအန်ဆန်သည်လည်း နောက်ဆုံးထိုးသတ်ခဲ့သည့် ၄ ပွဲတွင် လက်သီးချက်ခြေကန်ချက်များဖြင့် ဒိုင်ပွဲရပ် (TKO) အနိုင်ပွဲများ ဆက်ခဲ့သည်။

အောင်လအန်ဆန်သည် နောက်ဆုံးထိုးသတ်ခဲ့သည့် ဂျပန်အားကစားသမား Ken Hasegawa နှင့် ယှဉ်ပြိုင်ရာတွင် လက်သီးတွဲလုံးနှင့် ခြေကန်ချက်များ ပေါင်းစပ်တိုက်ခိုက်တွင် မည်မျှတိုးတက်မှုရှိလာသည်ကို ပရိသတ်များ ရှုစားခဲ့ရသည်။ အဆိုပါ ပွဲမတိုင်မီကလည်း အောင်လအန်ဆန်သည် ယခင်ပွဲများနှင့် မတူကွဲပြားသည့် ထိုးသတ်ပုံကို ပရိသတ်များ မြင်တွေ့စေမည်ဟု ပြောခဲ့သည်။ အောင်လအန်ဆန်၏ ထိုးသတ်မှုစွမ်းရည် (Striking Power) တိုးတက်မှုအား နောက်ဆုံးထိုးသတ်ခဲ့သည့် ပွဲစဉ်တွင် မြင်တွေ့နိုင်သည်။

ပြိုင်ဘက် Ken Hasegawa ၏ တည်ခြေအားနင်းပြီး ညာဖြောင့်လက်သီးပစ်သွင်းလိုက်သည့် အောင်လအန်ဆန်၏ ပုံရိပ်မှာ ပရိသတ်များ၏ မျက်လုံးထဲမှာ မထွက်လောက်အောင် သပ်ရပ်လှပလွန်းသည့် တိုက်ကွက်ဖြစ်ခဲ့ရသည်။ ခြုံငုံသုံးသပ်မည်ဆိုလျှင် နိုင်ပွဲဆက်နေကြသည့် ကမ္ဘာ့ချန်ပီယံနှစ်ဦး၏ ထိပ်တိုက်ယှဉ်ပြိုင်မှုမှာ မြန်မာပရိသတ်များအကြိုတ်တွေ့စေမည့် ONE Championship ပြိုင်ပွဲသမိုင်းတစ်လျှောက် စိန်ခေါ်ပွဲတစ်ပွဲ ဖြစ်လာမည်အမှန်ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly