အွန်လိုင်းမှတဆင့် ကာမစိတ်ကြွဆေးရောင်းချသူကို ရဲမှ အသွင်ယူဖမ်းဆီး

အွန်လိုင်းမှတဆင့် ကာမစိတ်ကြွဆေးရောင်းချသူကို ရဲမှ အသွင်ယူဖမ်းဆီး
  ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဧပြီလ ၃ ။          ။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကာမစိတ်ကြွဆေးဝါး များ ရောင်းချနေသူကို ရဲတပ်ဖွဲ့မှ ဆက်သွယ်ချိန်းဆိုကာ အသွင်ယူဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 အဆိုပါ ကာမစိတ်ကြွဆေးများရောင်းချနေသူမှာ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ ရပ်ကွက်နေ အသက် ၃ဝ အရွယ် သက်ထွဋ်အောင်(ခ)ရှက်ဖီးဆိုသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဧပြီလ ၃ ရက်နေ့၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

 မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၈)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် သက်သေများနှင့်အတူ နယ်မြေအတွင်းသတင်းစုံစမ်းနေစဉ် ကာမစိတ်ကြွဆေးဝါးများအား Facebook Online မှတစ်ဆင့် ရောင်းချနေကြောင်း သတင်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဧပြီလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်တွင် အွန်လိုင်းတွင် ပါရှိသည့် ဖုန်းနံပါတ်ကို ရဲတပ်ဖွဲ့မှ ဆက်သွယ်ခဲ့ပြီး ကာမစိတ်ကြွဆေးဝါးများ လိုချင်ကြောင်း ဖုန်းဆက်ပြောဆို၍ ၂၈ လမ်း၊ ၇၆×၇၇ လမ်းကြားသို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။ ထိုသို့ ချိန်းဆိုပြီး ယင်းနေရာမှ စောင့်ဆိုင်းနေစဉ် အသက် ၃ဝ အရွယ် သက်ထွဋ်အောင်(ခ) ရှက်ဖီးဆိုသူ ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းထံမှ ကာမစိတ်ကြွဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊ ရောင်းရငွေများ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ချမ်းအေးသာစံမြို့မရဲစခန်း၌ (ပ)၃ဝ၉/၂ဝ၁၉၊ အမျိုးသား ဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သက်ထွဋ်အောင်(ခ)ရှက်ဖီးအား စစ်မေးရာ ၎င်းနေထိုင်သည့် Lucky 7 ဆေးဆိုင်အတွင်း၌ ကာမစိတ်ကြွ ဆေးဝါးများ ကျန်ရှိနေသေးကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် အဆိုပါ ဆိုင်သို့ သွားရောက်ရှာဖွေခဲ့ရာ ကာမစိတ်ကြွဆေးဝါးမျိုးစုံ၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၄ သိန်းခွဲကျော် (၄၆၅,၂၀၀)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 ထို့ကြောင့် သက်ထွဋ်အောင်(ခ)ရှက်ဖီးကို ထပ်မံပြီး အမှတ်(၇)နယ်မြေရဲစခန်းတွင် (ပ)၂၈ဝ/၂ဝ၁၉၊ အမျိုးသား ဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required