ဖိုးသော်နဲ့ စောဘဦးတို့ နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ဖို့ ဖြစ်နိုင်ချေရှိတဲ့ အချက်(၄)ချက်

ဖိုးသော်နဲ့ စောဘဦးတို့ နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ဖို့ ဖြစ်နိုင်ချေရှိတဲ့ အချက်(၄)ချက်
ဓာတ်ပုံ-သက်ကို၊ မဇ္ဈိမ

 

မြန်မာပြည်၏ ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားတစ်ဦးဖြစ်သည့် ဖိုးသော်နှင့် မြန်မာ့ရိုးရာလက်ဝှေ့သမား စောဘဦးတို့သည် ONE Championship ၏ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးသည်။ ယင်းပွဲစဉ်သည် ပရိသတ်များ၏ ရင်သပ်ရှုမောရသော ပွဲစဉ်တစ်ပွဲအဖြစ် တည်ရှိနေခဲ့ပြီး ဖိုးသော်၏ပါးနပ်မှုနှင့် ရိုးရာလက်ဝှေ့သမားတစ်ဦး၏ သန်မာမှုတို့ကြောင့် ထင်ရှားခဲ့သောပွဲစဉ်ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ONE: Hero`s Dream ပြိုင်ပွဲကြီး၌ ၄င်းတို့နှစ်ဦးတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မထင်မှတ်ထားသော ရိုးရာလက်ဝှေ့သမားတစ်ဦး၏ မာကျောမှုကို ကမ္ဘာ့ပရိသတ်များ မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ ဖိုးသော်သည် အဆိုပါပွဲစဉ်ပြီးဆုံးချိန်မှစ၍ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး စောဘဦးသည် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

သို့သော် ပြည်တွင်း၌နာမည်ကျော် လက်ဝှေ့သမားများဖြစ်သည့် သပြေညို၊ ရွှေရာမာဉ်၊ ဖျံသွေး၊ သွေးသစ်ဝင်းလှိုင် အစရှိသော လက်ဝှေ့သမားများနှင့် ထိုးသတ်ခဲ့ရပြီး ချန်ပီယံစိန်ခေါ်ပွဲတစ်ပွဲကိုလည်း ထိုးသတ်ထားခဲ့သည်။ အဆိုပါအခြေအနေများသည် ၄င်းတို့ ၂ ဦးအကြားကွဲပြားခြားနားသော ဖြတ်သန်းမှုများအဖြစ်ရှိနေပြီး မကျေပွဲအဖြစ်ပြန်လည်ဆင်နွှဲနိုင်မည့် အခြေအနေများအဖြစ်လည်းရှိနေသည်။

အသက်အရွယ်ပိုင်းကွာဟမှု

အသက်အရွယ်အပိုင်းအခြားသည် ဖိုးသော်နှင့်စောဘဦးတို့ မကျေပွဲအဖြစ်ပြန်လည်ရင်ဆိုင်တွေ့ကြရန်အတွက် လုံလောက်သော အကြောင်းပြချက်အဖြစ်ရှိမနေသော်လည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား အဖြစ်အသက်မွေးဝမ်းကြောင်း ပြုနေသည့် ၄င်းတို့နှစ်ဥိီးအတွက် အကောင်းဆုံးအချိန်သည် ကစားသမားဘဝ တိုးတက်မှုနှင့် အောင်မြင်မှုအရှိဆုံး အချိန်သည်သာ ဖြစ်နိုင်မည်ဖြစ်သည်။

၁၉၈၄ ခုနှစ်တွင်မွေးဖွားခဲ့သော ဖိုးသော်သည် လက်ရှိ်အချိန်တွင် အောင်မြင်မှုရနေသည့် ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းကောင်းတစ်ခုပိုင်ဆိုင်နေပြီး အသက်အရွယ်အားဖြင့် ၃၄နှစ် ရှိနေပြီဖြစ်သောကြောင့် တိုက်ခိုက်ရေးပွဲစဉ်များတွင် ၄င်းကို ဆက်လက်တွေ့မြင်ရရန် အချိန်ကာလအားဖြင့် အများကြီးကျန်ရှိမနေတော့ကြောင်း အချက်အလက်များအရ သုံးသပ်ရမည်ဖြစ်သည်။

ထို့အတူ ရိုးရာလက်ဝှေ့သမားအဖြစ်ကျော်ကြားနေသည့် စောဘဦးသည်လည်း ၁၉၉၁ ခုနှစ်တွင် ဖွားမြင်သူတစ်ဦးဖြစ်ပြီး လက်ရှိတွင် ၄င်း၏ အသက်အရွယ်မှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားအတွက် အကောင်းဆုံး အချိန်ဖြစ်သော အသက်၂၉နှစ်အရွယ်တွင် တည်ရှိနေသည်။ယင်းအချက်သည် ပြန်လည်တွေ့ဆုံရန်အတွက် ညီမျှသောအချက်တစ်ချက်ဖြစ်ပြီးပရိသတ်များ ဆန္ဒရှိနေသော ယခုပွဲစဉ်ကို ပြန်လည်စီစဉ်မည်ဆိုပါက ၅နှစ်အရွယ်အသက်ပိုင်းကွာဟမှုသည် နှစ်ဦးစလုံးအတွက် ယခုအချိ်န်တွင် သိသာထင်ရှားသော အားသာချက်အဖြစ်ရှိမနေခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်ခံပညာရှင်နှစ်ဦးအကြား ထွက်ပေါ်လာမည့် ရလဒ်ကို
 ခန့်မှန်းရခက်မည်ဖြစ်သည်။

စောဘဦး၏ ဆန္ဒရှိသော စိန်ခေါ်မှု

စောဘဦးသည် ကျေနပ်သောရလဒ်မထွက်မချင်း ဇွဲမလျော့တတ်သော ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်သည်။ ယင်းအချက်ကို ရိုးရာလက်ဝှေ့ပွဲစဉ်များတွင် အများဆုံးတွေ့ရပြီး အလဲထိုးခံရခါနီး အခြေမနေရောက်နေခဲ့သော်လည်း ပြန်လည်ထိုးသတ်နိုင်ရန်အတွက် သန်မာမှုကို ကောင်းမွန်စွားအသုံးချနိုင်ခြင်းတို့သည် ၄င်း၏ အားသာချက်များဖြစ်သည်။

၂၀၁၇ ခုနှစ် အတွင်းOne Championship မှကျင်းပပြုလုပ်သည့် ONE: Hero`s Dream ပြိုင်ပွဲကြီး၌ ဖိုးသော်နှင့် တွေ့ဆုံခဲ့ပြီး Deadly Choke ချုပ်ကွက်ဖြင့် အချုပ်ခံရမှုမှ ပြန်လည် ရုန်းထွက်နိုင်ခြင်းသည် ၄င်း၏ အနိုင်မခံလိုသော တိုက်ခိုက်ရေး စိတ်ဓာတ်ကောင်းတစ်ခုဖြစ်သည်။

''ကျွန်တော် ဖိုးသော်နဲ့ ပြန်ထိုးချင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်နိုင်ဖို့ပဲ ကြိုးစားမှာပါ။ သေချာပါတယ်။ ရလဒ်က အရင်ပွဲနဲ့ပြောင်းပြန်ဖြစ်သွားပါလိမ့်မယ်"ဟု စောဘဦးက ဖြေကြားခဲ့သည်။

စောဘဦးသည် ဖိုးသော်ကို ပြန်လည်စိန်ခေါ်ရန် ဆန္ဒရှိနေပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းဖြင့်ပင် ပြန်လည်အနိုင်ယူရန် ကြိုးစားနေခြင်းဖြစ်သည်။ ယင်းအချက်သည် ယခုပွဲစဉ်အတွက် ပြိုင်ဆိုင်မှုပြင်းထန်မည့် တိုက်ခိုက်ရေးပြိုင်ပွဲ ပုံစံအမှန်ကို မြင်တွေ့ရဖွယ်ရှိနေပြီး ONE Championshipအနေဖြင့် ပွဲကြီးပွဲကောင်းများဖြင့် ပရိသတ်ကို ဖျော်ဖြေနိုင်ရန်အခွင့်အရေးတစ်ရပ်ဖြစ်သည်။

ထို့အပြင် ပြိုင်ဆိုင်မှုပြင်းထန်ပြီး ပြိုင်ဘက်ကောင်းများဖြင့် ပွဲစီစဉ်တတ်သော ONE Championship ဖြင့်လည်း ယခုကဲ့သို့ ကစားသမားတစ်ဦး၏ စိန်ခေါ်မှုကို လက်ခံနိုင်ဖွယ်ရှိသည့် အချက်မှာလည်း ပရိသတ်ကို ၄င်းတို့ ပထမအကြိမ်တွေ့ဆုံစဉ်ကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖန်တီးပေးနိုင်မည့် အခွင့်အရေးကောင်း တစ်ခုဖြစ်သည်။

■ပရိသတ်များ၏ တောင်းဆိုမှုကိုရရှိခြင်း

ပြိုင်ပွဲ တစ်ပွဲကျင်းပရန် ၊အထူးသဖြင့် ကိုယ်ခံပညာသုံးကာယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများအတွက် ပရိသတ်များ၏ တောင်းဆိုမှုရရှိခြင်းသည် ပွဲဖြစ်မြောက်ရန်အတွက် အနီးစပ်ဆုံးအခြေအနေဖြစ်သည်။ စောဘဦးသည် ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်သည့် အတွက် လက်သီးဖြင့် တိုက်ခိုက်နိုင်မှု တစ်ဖက်ကမ်းခပ်သူဖြစ်သည်။

ဖိုးသော်သည် စောဘဦးကဲ့သို့ ရိုးရာလက်ဝှေ့ကို ထိုးသတ်ဖူးသော်လည်း အောင်မြင်မှုမရခဲ့သော်လည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင်မှု မှတ်တမ်းကောင်းများစိုက်ထူကာ စံချိန်တစ်ခုတင်ထားနိုင်သူဖြစ်သည်။ လက်ရှိအချိန်သည် ဝိတ်တန်းတူသော ဖိုးသော်နှင့် စောဘဦးတို့ကြား တိုက်ရည်ခိုက်ရည် ဘယ်သူပိုသလဲဆိုသည့် အချက်မှာ ပြောရခက်နေပြီး ပရိသတ်များကလည်း သိရှိခံစားလိုနေကြခြင်းဖြစ်သည်။

ထို့အပြင် ဖိုးသော်နှင့် စောဘဦးတို့၏ ပရိသတ်များအကြား ပြိုင်ဆိုင်မှုပြင်းထန်မှုကိုကြည့်ရှူရင်း အဆုံးအဖြတ်ကို တွေ့မြင်နိုင် မည်ဖြစ်သည်။ ထို့ကြောင့် ယခုစိန်ခေါ်ပွဲအတွက် One Hero`s Dream ပြိုင်ပွဲကဲ့သို့ ဖိုးသော်၏ Deadly Choke ချုပ်ကွက်ကို စောဘဦးဖြေနိုင်ဦးမလားဆိုသော မေးခွန်းနှင့် ယှဉ်ပြိုင်မှုကိုပြန်လည် မြင်တွေ့လိုနေခြင်းဖြစ်သည်။

သက်သေပြနိုင်မည့် ဖိုးသော်

ဖိုးသော်သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲသို့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းတွင် ၄င်း၏တိုက်ခိုက်ရေး စွမ်းရည်တိုးတက်လာခဲ့ပြီး ဝေဖန်မှုများကိုချေဖျက်ပြနိုင်ခဲ့သည်။ သို့သော်လည်း တိုက်ခိုက်ရေးပြိုင်ပွဲများတွင်ဘယ်သူပိုကောင်းသလဲဆိုသော ဝေဖန်မှုများအပေါ် ပထမတစ်ကြိမ်တွေ့ဆုံမှုတွင် Cage Control၊ ပါးနပ်မှု ၊စသည့် အချက်များဖြင့် အနိုင်ရယူပြနိုင်ခဲ့သည်။ သို့သော်လည်း မြေပြင်ချုပ်ကွက်တွင် လုံးဝအားသာချက်မရှိသည့် စောဘဦးက ဖိုးသော်၏ Deadly Choke ချုပ်ကွက်အောက်မှ ရုန်းထွက်နိုင်ခဲ့သည်။''ကျွန်တော် လက်သီး ပျော့တယ်လို့ ပြောကြပေမယ့် အထိုးခံရဖူးတဲ့ သူကသိမှာပဲ။ ကြိုးစားနေတဲ့ သူမို့ ကိုယ့်ကိုယ်ကို ကောင်းတယ်လို့ မပြောခဲ့ဘူး''ဟု အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ဖူးတဲ့ ဖိုးသော်အတွက် စောဘဦးကို နောက်တစ် အနိုင်ရခဲ့လျှင် ၄င်းအပေါ်ဝေဖန်မှု ရှိခဲ့မှုများအား ချေဖျက်ရာရောက်မည်ဖြစ်သည်။ ထို့အပြင်ဖိုးသော်အနေဖြင့် အသက်(၂၉)နှစ်အရွယ်စောဘဦးကို ရင်ဆိုင်ရန်အတွက် လက်ရှိအသက်အရွယ်ပိုင်းသည် အကောင်းဆုံးအချိန်ဖြစ်ပြီး(၂)ပွဲမြောက် အနိုင်ယူနိုင်ခဲ့မည်ဆိုပါက ငြင်းချက်ထုတ်စရာမရှိသော သက်သေပြချက်ကို စိုက်ထူနိုင်မည် ဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly