အကယ်ဒမီ ဆန်ခါတင်ဇာတ်ကားအချို့ ပြန်လည်ရုံတင်ပြသမည်

အကယ်ဒမီ ဆန်ခါတင်ဇာတ်ကားအချို့ ပြန်လည်ရုံတင်ပြသမည်

ဧပြီ၊ ရန်ကုန် ။    ။ ၂ဝ၁၈ ခုနှစ် အကယ်ဒမီ ဆန်ခါတင် ဇာတ်ကားများထဲမှ အချို့ဇာတ်ကားများကို ပြန်လည်ကာ ရုံတင် ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်ကြည့်ပရိသတ်များက ပြန်လည်ကြည့်ရှုလိုကြောင်း တောင်းဆိုမှုများကြောင့် ပြန်လည်ပြသရခြင်း ဖြစ်ပြီး အကယ်ဒမီဆုရရှိခဲ့သည့်ဇာတ်ကားများအပြင် ဆုမရှိခဲ့သည့်ဇာတ်ကားများကိုပါ ပြန်လည်ရုံတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

“အမှန်တော့ အန်တီလည်း မမျှော်လင့်ထားဘူးလေ။ Mega နဲ့ Junction ရော တစ်ရက်ထဲပဲ။ ညနေနဲ့ ညပဲ ကွာတယ်။ Mingalar ကရောလေ။ ဒီကားလေးကို သင်္ကြန်မတိုင်ခင်အထိ ပြချင်တယ်ပေါ့နော်။ အန်တီကလည်း ပြပါပေါ့နော်။ ဝမ်းသာတာပေါ့နော်။ တစ်ချို့လည်း မကြည့်လိုက်ရလို့ အန်တီသူငယ်ချင်းတွေလည်း ပြပေးပါ ပြောတဲ့ သူတွေလည်း ရှိတယ်’’ ဟု မီရုပ်ရှင် ဇာတ်ကားထုတ်လုပ်သူ ဒေါက်တာနွယ်ဦးက ပြောသည်။

ယခု ဧပြီလအတွင်း မုန်းစွဲ၊ မုဒြာရဲ့ခေါ်သံ၊ မီ၊ ဥပါဒါန်၊ မျက်နှာပြင်များ  အစရှိသော ဇာတ်ကားများကို ပြန်လည်ပြသသွားမည် ဖြစ်ကြောင်း  Mega Ace ရုပ်ရှင်ရုံ Marketing Executive ကိုဟန်နိုင်ထွန်းက ပြောသည်။

“ပြဖြစ်တဲ့အကြောင်းကတော့ ထွေထွေထူးထူးတော့ မရှိပါဘူး။ အကယ်ဒမီပွဲပြီးတော့ ပရိသတ်တွေ ရင်ထဲမှာ အများဆုံးကျန်နေတဲ့ ကားတွေကို ကျွန်တော်တို့က Voting တောင်းလိုက်တဲ့ အခါမှာ ဒီကားတွေက ပရိသတ် တောင်းဆိုမှု အများဆုံးဖြစ်နေလို့ ပြန်ပြီးပြတာပါ” ဟု ၄င်းက ပြောသည်။

မုန်းစွဲနှင့် မျက်နှာပြင်များ (Dimensions) ဇာတ်ကားများအပေါ် ရုပ်ရှင်ကြည့်ပရိသတ်များဘက်က တောင်းဆိုမှု မြင့်နေပြီး  ယခု ဧပြီလအတွင်း မင်္ဂလာရုပ်ရှင်ရုံ၊ ဂျန်းရှင်းရုပ်ရှင်ရုံများ၊ Mega Ace ရုံရှင်ရုံများတွင် ပြန်လည်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly