စစ်ရှောင်များအတွက် လိုအပ်သောအကူအညီများပေးနိုင်ရေး တိုးချဲ့ခွင့်ပြုပေးရန် အမေရိကန်သံရုံး တိုက်တွန်း

စစ်ရှောင်များအတွက် လိုအပ်သောအကူအညီများပေးနိုင်ရေး တိုးချဲ့ခွင့်ပြုပေးရန် အမေရိကန်သံရုံး တိုက်တွန်း
Photo-NYUNT WIN /EPA

ဧပြီ ၃၊ ရန်ကုန် ။             ။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ စစ်ရှောင်များအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရေးကို တိုးချဲ့၍ ခွင့်ပြုပေးရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဧပြီ ၂ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။

အေအေနှင့် တပ်မတော်ကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ အရပ်သားများအတွက် အမေရိကန်ပြည်ထောင်စုက များစွာစိုးရိမ်မကင်း ဖြစ်ရပါသည်ဟု ဧပြီ ၂ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၁၇,၀၀၀ ကျော်အတွက် လိုအပ်နေသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အပြည့်အဝ ပေးနိုင်ရေးအတွက် အာဏာပိုင်များက ခွင့်ပြုချက် မပေးသေးခြင်းကိုလည်း စိုးရိမ်ပူပန်နေသည်ဟု ၎င်းတို့ကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ယခင်နှစ် ဒီဇင်ဘာနှောင်းပိုင်းတိုက်ပွဲများဖြစ်ပြီးနောက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျေးရွာများသို့ NGO အဖွဲ့အစည်းများအား ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် မပြုကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဇန်နဝါရီလ ၁၀ ရက်က ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

အဆိုပါဒေသများသို့ လက်ရှိတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ (ICRC) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့ကို ခြွင်းချက်ဖြင့်  သွားလာခွင့်ပေးထားသည်။

ချင်းပြည်နယ်၊ ပလက်ဝတွင်လည်း AA နှင့်တပ်မတော်ကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံများမှာ စစ်ဘေးရှောင်တိမ်းခဲ့ရသည်။

စစ်ရှောင်များ၏လိုအပ်ချက်မှာ များပြားနေပြီး လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့် ရခိုင်ပြည်နယ်ထဲရှိ ငါးမြို့နယ်မှ နောက်ထပ်အရပ်သား အနည်းဆုံး ၉၅,ဝဝဝသည် ၂၀၁၉ခုနှစ် ဇန်နဝါရီမှစ၍ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် သန့်ရှင်းသောရေတို့ကို မရရှိနိုင်ဘဲ ဖြစ်နေသည်ဟု အမေရိကန်သံရုံးထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်သာမက နေရပ်စွန့်ခွာထွက်ပြေးရသူ ၁၀၀,၀၀၀ ကျော်ရှိနေသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရေးသည် အမြဲလို အဟန့်အတားတစ်ရပ် ဖြစ်နေသည်ဟုလည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့သို့ လူသားချင်းစာနာမှုအကူအညီပေးရေး အဖွဲ့အစည်းများအား အားထားလောက်သော ကူညီဆောင်ရွက်မှုများ ဝင်ရောက်လုပ်ကိုင်ခွင့် ပြုပါရန် မြန်မာအစိုးရနှင့် တပ်မတော်တို့ကို မိမိတို့က တိုက်တွန်းပါသည်ဟုပါရှိသည်။

ထို့ပြင် တိုက်ပွဲများရပ်တန့်နိုင်ရေးနှင့် ပဋိပက္ခချုပ်ငြိမ်းရေးကို ဦးတည်ပြီး ထပ်မံ၍ကြိုးပမ်းဆောင်ရွက်ကြရန် သက်ဆိုင်သူများအားလုံးကို တိုက်တွန်းကြောင်း ဖော်ပြပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required