ကမ္ဘာ့အကောင်းဆုံးကွင်းကြီးဖြစ်လာမယ့် ရီးယဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးကစားကွင်းကြီး

ကမ္ဘာ့အကောင်းဆုံးကွင်းကြီးဖြစ်လာမယ့် ရီးယဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးကစားကွင်းကြီး
Photo: AFP

ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်တီနို ပီရက်ဇ်က ဘာနေဗျူးကွင်းကြီးကို ၄ နှစ်နီးပါးကြာမြင့်မယ့် ပြင်ဆင်မှုတစ်ရပ်ကို  ဒီနှစ်နွေရာသီမှာ စတင်မှာဖြစ်ပြီး "ကမ္ဘာပေါ်မှာ အကောင်းဆုံးအားကစားကွင်းကြီး"ကို ဖန်တီးသွားမယ်လို့ ပြောဆိုသွားပါတယ်။

ကစားကွင်းအမိုးကို ဖွင့်နိုင် ပိတ်နိုင်တဲ့ အကြီးစား ပြင်ဆင်မှုတွေ ပါဝင်တဲ့ အစီအစဉ်တွေကို အင်္ဂါနေ့က ပီရက်ဇ်က ကွန်ပျူတာအထူးပြုလုပ်ချက် ရုပ်ပုံတွေနဲ့ ထုတ်ဖော်ပြသခဲ့ပါတယ်။

မက်ဒရစ် ကွင်းရဲ့ ဒီဇိုင်းသစ်ဟာ ယူရိုသန်း ၅၀၀ (ဒေါ်လာသန်း ၅၆၀) ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။

"ဒီစီမံကိန်းကို အတည်ပြုလိုက်ပါပြီ။"လို့ ပီရက်ဇ်က ပြောပါတယ်။

"ဒါ့ကြောင့် လာမယ့်ပတ်မှာ နောက်ဆုံး စာချုပ် လက်မှတ်ရေးထိုးတဲ့အချိန်ကြရင် ခင်ဗျားတို့ကို အသိပေးသွားမှာပါ။ ဧပြီလအတွင်းမှာ စီမံကိန်းတွေ ရာထားမှုကို စတင်သွားမှာဖြစ်ပြီး ဒီဘောလုံးရာသီပြီးဆုံးတဲ့အခါ တတ်နိုင်သမျှ အမြန်ဆုံး စတင်ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။"

အင်္ဂါနေ့က ကွင်းသစ်စီမံကိန်း ထုတ်ဖော်ပြသတဲ့ အခမ်းအနားကို မက်ဒရစ်မြို့တော်ဝန် ကာမီနာလည်း တက်ရောက်ခဲ့ပါတယ်။

ရီးယဲလ်အသင်းရဲ့ နောက်ဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် မေ ၁၉ ရက်မှာ ဘက်တစ်နဲ့ ကစားသွားမှာဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်မှ စတင်ကာ ဖွင့်လှစ်ခဲ့တဲ့ ဆန်တီယာဂို ဘာနေဗျူးရဲ့ ပရိသတ်ဝင်ဆံ့မှုမှာ မူလအတိုင်း (၈၁,၀၀၀) ကျော်သာရှိမှာဖြစ်ပေမယ့် နည်းပညာအပိုင်းကို အဆင့်မြင့်ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကွင်းသစ်ဟာ လက်ရှိအဆောက်အုံထက် ၁၂ မီတာ ပိုမြင့်မှာဖြစ်ပြီး အာရုံဖမ်းစားနိုင်မယ့် အမိုးသစ်၊ 360 degree ဗီဒီယို scoreboard၊ လုံခြုံရေး၊ ဝင်ရောက်လည်ပတ်ခြင်း၊ စျေးဝယ်ခြင်းနဲ့ အစားအသောက် ခန်းမတွေ၊ ဇိမ်ခံဟိုတယ်အပါအဝင် ကလပ်အသင်း ပြတိုက်နဲ့ အားကစားကွင်း ပတ်ဝန်းကျင်နေရာတွေမှာ တိုးတက်မှုတွေ ရှိလာမယ်လို့ သိရပါတယ်။

"အနာဂတ်ရဲ့ ကြီးကျယ်တဲ့ ဒီဂျစ်တယ် အားကစားကွင်းကြီးတစ်ခုဖြစ်လာဖို့ ကျနော်တို့ လိုချင်ပါတယ်။ မက်ဒရစ်ရဲ့ နှံလုံးသားထဲမှာ တည်ရှိမယ့် ကွင်းကြီးဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းကြီးဖြစ်လာပါလိမ့်မယ်။ ပိုပြီး ခေတ်မီ၊ သက်တောင့်သက်သာ၊ လုံခြုံပြီး အပန်းဖြေနိုင်မှုတွေနဲ့အတူ ဖျော်ဖြေရေးအတွက် ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး ပရိသတ်တွေကို ခံစားမှုသစ်တွေ ပေးလာနိုင်မယ့် နည်းပညာတွေဟာ အဓိကအချက်ဖြစ်ပါတယ်။"လို့ ပီရက်ဇ်က ဆက်လက်ပြောဆိုခဲ့ပါတယ်။

အဆိုပါအစီအစဉ်ဟာ အသင်းရဲ့ ပွဲစဉ်တွေကို ထိခိုက်မှာ မဟုတ်ဘဲ စီမံကိန်းအတွက် ၃ နှစ်ခွဲအတွင်း ပြီးစီးသွားဖို့ ရှိပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly