အလုပ်ခွင်မှာ ငိုက်မနေစေဖို့ ဒီအချက်လေးတွေ လုပ်ကြည့်ပေးပါ

အလုပ်ခွင်မှာ ငိုက်မနေစေဖို့ ဒီအချက်လေးတွေ လုပ်ကြည့်ပေးပါ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

    

အလုပ်လုပ်နေတဲ့သူတိုင်း နေ့လည်နေ့ခင်းမှာ ငိုက်ပြီး တစ်ရေးတစ်မော အိပ်ချင်တဲ့ အခိုက်အတန့်လေးတွေ ရှိဖူးကြမယ်ထင်ပါတယ်။ ကံမကောင်းစွာပဲ လုပ်ငန်းခွင်ဖြစ်နေတာကြောင့် အိပ်မယ်ဆိုရင်တော့ ကိုယ့်အထက်လူကြီးက ဆူတာ ခံရနိုင်ပါတယ်။ ဒီတော့ အလုပ်ခွင်မှာ ငိုက်နေတာတွေ မဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေ ပြောပြပေးချင်ပါတယ်။
၁။ အလုပ်မသွားခင် လမ်းလျှောက်ပေးပါ။

မနက်စောစောမှာ လေကောင်းလေသန့်ရှူရှိုက်ရင်း လမ်းလျှောက်ထွက်တာဟာ ကိုယ့်ကို တစ်နေ့တာလုံး လန်းဆန်းနေစေပြီး စိတ်ကို ကြည်လင်စေတယ်။ သွေးလည်ပတ်မှုကောင်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေလို့ အလုပ်ခွင်မှာ အိပ်ငိုက်နေတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။
၂။ အလုပ်မသွားခင် တစ်ရေးတစ်မော အိပ်ပါ။

အလုပ်မှာ ငိုက်နေမယ့်အစား အလုပ်ကို သွားနေတဲ့ ဘတ်စ်ကားပေါ်မှာ ဖြစ်စေ၊ အိမ်မှာ အချိန်ပိုထွက်ရင် ခဏလောက် မှိန်းတာဖြစ်စေ လုပ်ပေးပါ။ အထူးသဖြင့် နေ့ဆိုင်း၊ ညဆိိုင်း အလှည့်ကျ ဆင်းနေရတဲ့ ဝန်ထမ်းတွေအတွက် အလွန်အသုံးဝင်ပါတယ်။ ၁၅မိနစ်၊ မိနစ် ၂၀ လောက် ခဏလေး မှိန်းလိုက်ရုံနဲ့ လုံလောက်ပါတယ်။
၃။ အလုပ်မှာ လှုပ်လှုပ်ရှားရှားနေပါ။

စားပွဲခုံမှာ မနက်ကနေ ညအထိ ထိုင်ပြီး အလုပ်လုပ်နေရတဲ့အခါ ပုထုဇဉ်လူသားတိုင်း ငိုက်တတ်တာ သဘာဝပါပဲ။ ဒါကြောင့် ဟိုနားဒီနား လမ်းထလျှောက်တာ၊ အကြောဆန့်တာ၊ ရေထသောက်တာ၊ ဆီးသွားတာမျိုး လုပ်ပေးပါ။ တစ်နာရီ တစ်ခါလောက် လှုပ်လှုပ်ရှားရှား နေပေးပါ။
၄။ ကိုယ့်ရဲ့ အလုပ်စားပွဲဟာ လင်းနေတဲ့ နေရာမှာ ရှိပါစေ။

မှောင်နေတဲ့အခါမှာ စိတ်က အလိုလိုနေရင်း အိပ်ချင်တဲ့ စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလုပ်လုပ်နေတဲ့ စားပွဲကို သဘာဝနေရောင်ခြည် ကျရောက်တဲ့ နေရာ သို့မဟုတ် မီးအလင်းရောင်ကောင်းကောင်းအောက်မှာ အလုပ်လုပ်ပေးတာဟာ စိတ်ကို နိုးကြားတက်ကြွစေနိုင်ပါတယ်။
၅။ ရေများများသောက်ပေးပါ။

ဘယ်လောက်ပဲ အလုပ်များများ ကိုယ်ခန္ဓာက ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်တယ်ဆိုတာ သတိရပေးပါ။ တစ်နေ့ကို ရေအလုံအလောက် သောက်ပေးတဲ့အခါ ကိုယ်ခန္ဓာအတွက် ရေဓာတ်ဖြည့်တင်းပေးသလို ထိုင်ရာမှ ခဏထပြီး ဆီးသွားစေဖို့လည်း ကူညီပေးနိုင်ပါတယ်။
၆။ မနက်စောစော ကော်ဖီသောက်ပါ။

မနက်စောစော အလုပ်မသွားခင် သို့မဟုတ် အလုပ်ရောက်တဲ့အချိန်မှာ ကော်ဖီသောက်ပေးခြင်းဟာ စိတ်ကို နိုးကြားတက်ကြွစေပြီး ငိုက်နေတဲ့ အာရုံကို လှုံ့ဆော်ပေးနိုင်ပါတယ်။ သတိထားရမှာက ညနေဘက် ရောက်မှ ကော်ဖီသောက်တာမျိုး မလုပ်ဖို့ပါပဲ။ ကဖင်းဓာတ်ဟာ ဦးနှောက်ကို တက်ကြွနေစေတာကြောင့် ကိုယ့်ရဲ့ အိပ်ချိန်ကို သွားပြီး ထိခိုက်နိုင်ပါတယ်။
၇။ အဆာပြေမုန့် ဆောင်ထားပါ။

အလုပ်လုပ်နေရင်း မုန့်လေးတစ်ခုခု စားပေးတဲ့အခါ ငိုက်နေတဲ့ စိတ်ကို ဖြေဖျောက်ပေးနိုင်ပြီး အာရုံကို လွှဲပေးနိုင်ပါတယ်။ သကြား၊ ဆား များတဲ့ မုန့်ပဲသရေစာတွေ အစား သစ်သီးဝလံ၊ အစေ့အဆန်မျိုးတွေ များများစားပေးပါ။
၈။ ခက်တဲ့အလုပ်ကို အရင်လုပ်ပါ။

ရုံးကို ရောက်ပြီဆိုတာနဲ့ ခက်တဲ့ အလုပ်တွေကို အရင်စလုပ်ပေးပါ။ နေ့လည်ဘက် အနည်းငယ်ပင်ပန်းပြီး ငိုက်နေပြီဆိုရင် လွယ်ကူတဲ့ အလုပ်လေးတွေကို ချလုပ်ပေးပါ။ လုပ်နေစဉ်မှာလည်း ရေသောက်လိုက်တာမျိုး၊ မုန့်တစ်ခုခုစားလိုက်တာမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
၉။ အမွှေးရနံ့ တစ်မျိုးမျိုး အလုပ်စားပွဲမှာ ဆောင်ထားပါ။

စံပယ်၊ သံပရာ၊ လာဗင်ဒါလို စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့ အမွှေးရနံ့ထွက်တဲ့ ဆီတစ်မျိုးမျိုး၊ ရေမွှေး၊ အမွှေးနံ့သာတွေကို တင်ထားပါ။ ရေမွှေးဆိုရင်လည်း ကိုယ့်ရဲ့ လက်နဲ့ ပုခုံးနားလေးမှာ တစ်ချက်လောက် စွတ်ပြီး ရှူရှိုက်ကြည့်ပါ။
၁၀။ သီချင်းနားထောင်ပါ။

ငိုက်နေတဲ့ ခံစားချက်မျိုး ရပြီဆိုတာနဲ့ နားကြပ်တပ်ပြီး စိတ်ကို ရွှင်လန်းမြူးကြွစေတဲ့ သီချင်းသံစဉ်တွေကို နားဆင်ပေးပါ။ အလုပ်လုပ်နေရင်းနဲ့လည်း သီချင်းနားထောင်ပေးရင် ပိုကောင်းပါတယ်။
၁၁။ ညဘက်မှာ အိပ်ရေးဝအောင် အိပ်ပါ။

လူတစ်ယောက်ရဲ့ ညအိပ်ချိန်ဟာ တစ်နေ့တာလုံး လုပ်ငန်းဆောင်တာကိုပါ သွားပြီး သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ခါနီး အစာစားတာ၊ တီဗီကြည့်တာ၊ ဖုန်းသုံးတာမျိုး၊ ဆေးလိပ်၊ အရက်သောက်တာ၊ ရေအများကြီးသောက်တာမျိုး တတ်နိုင်သလောက် ရှောင်ပါ။ ကိုယ့်မှာ ညဘက်ကောင်းစွာ အိပ်မပျော်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိရင် ဆရာဝန်နဲ့ သေချာပြသကြည့်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly