ကလေးတွေမှာ ထိခိုက်ဒဏ်ရာဖြစ်လာရင် ဒီ (၇) ချက်ကိုဂရုစိုက်ပေးပါ

ကလေးတွေမှာ ထိခိုက်ဒဏ်ရာဖြစ်လာရင် ဒီ (၇) ချက်ကိုဂရုစိုက်ပေးပါ

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

    

 ချော်လဲမယ်နော်၊ ပြုတ်ကျမယ်နော်၊ ထိမိတော့မှာပဲ ဆိုတဲ့ စကားသံတွေက ကလေးရှိတဲ့အိမ်တိုင်းမှာ ကြားရလေ့ရှိတဲ့အသံပါ။ အမြဲ ပြေးလွှားလှုပ်ရှား အငြိမ်မနေတတ်တဲ့ ကလေးလေးတွေအတွက်က ပွန်းပဲ့ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာဆိုတာ မကင်းနိုင်တဲ့အရာတွေဖြစ်ပါတယ်။ ကြိုတင်ကာကွယ်လို့ရတဲ့အရာတွေရှိပေမယ့် ကလေးမှာထိခိုက်ဒဏ်ရာရှိလာပြီဆိုရင် နည်းလမ်းမှန်နဲ့ ပြုစုဂရုစိုက်ပေးရမှာ မိဘတွေတာဝန်ပါ။

ထိခိုက်မှုဒဏ်ရာကြီးရင်တော့ ဆေးရုံ၊ဆေးခန်းအမြန်ပြဖို့လိုအပ်ပါတယ်။ တော်တန်ရုံထိခိုက်ပွန်းပဲ့တာ၊ အရေပြားပေါက်ပြဲတာ၊ ထိရှတာတွေကို အိမ်မှာပဲ ဘယ်လိုဂရုစိုက်ပေးလို့ရမလဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။

အနာကိုဂရုစိုက်ပေးသင့်တဲ့အချက် (၈) ချက်

(၁) ဒဏ်ရာကို ရေနဲ့ဆေးကြောပါ

ကပ်ငြိနေတဲ့ အညစ်အကြေးတွေသန့်စင်သွားအောင် ဒဏ်ရာကို တစ်မိနစ်ခွဲလောက်ကြာအောင် ရေလောင်းချပြီး ဆေးကြောပေးပါ။ လိုအပ်ရင် ဆပ်ပြာအပျော့စားနဲ့ ဆေးကြောပါ။

(၂) အဝတ်နုသန့်သန့်နဲ့ တို့သုတ်ပါ

ခပ်ဖွဖွ တို့သုတ်ပါနော်။ ဒဏ်ရာကသွေးထွက်နေတုန်းပဲဆိုရင် အနာပေါ်ကနေ ငါးမိနစ်လောက် ဖိထားပေးပါ။

(၃) အရက်ပြန် သို့မဟုတ် hydrogen peroxide တွေမသုံးပါနဲ့

ဒါတေထည့်ရင် ပိုစပ်မယ်၊ လောင်မယ်၊ ပြီးတော့ ထည့်ဖို့မလိုဘူး လို့သိထားရပါမယ်။ ဒါ့အပြင် အရက်ပြန်က အရေပြားကို ခြောက်သွေ့စေပြီး(ခြောက်သွေ့ရင် အနာကျက်နှေးစေနိုင်တယ်) hydrogen peroxide က ကျန်းမာတဲ့ဆဲလ်တွေရှင်သန်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

(၄) ဆေးထည့်ပါ

အနာကိုသန့်စင်ပြီးတာနဲ့ Betadine ဆေးရည် လိုမျိုး အနာထည့်ဆေးတွေ ထည့်ပေးသင့်ပါတယ်။ ဆေးထည့်ပြီးလည်း ဒီအတိုင်းမထားဘဲ ပလာစတာ ဖုံးအုပ်ပေးထားရမယ်နော်။ Povidone-iodine ပါဝင်တဲ့အတွက် ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ရှနာမှန်သမျှကို အနာအမြန်ကျက်စေတဲ့အပြင် အပူလောင်နာအတွက်ပါ သုံးလို့ရပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တို့လို ရောဂါပိုးမွှားတွေ နှိမ်နင်း၊ ကာကွယ်နို်င်တဲ့ဆေးဖြစ်လို့ အနာပိုးမဝင်ဖို့ပါ ကာကွယ်ပေးနိုင်ပါတယ်။ အနာကိုဆေးထည့်တာကြောက်တဲ့ ကလေးတွေအတွက်က အနာပေါ်ကနေ အသာလေးဖျန်းလိုက်ရုံနဲ့ ဆေးရည်စွန်းပေမှုမရှိ၊ အမြန်သက်သာစေတဲ့ Betadine Dry Powder Spray ဆိုတာလည်း ရှိပါတယ်။

(၅) မျက်နှာမှာ ထိခိုက်ခဲ့ရင် ဒဏ်ရာကို စစ်ဆေးပါ

မျက်နှာမှာ အသေးစားထိခိုက်မှုက လွယ်လွယ်နဲ့အနာကျက်သွားမှာဖြစ်ပေမယ့် မျက်လုံးနား နီးနေသလား သေချာကြည့်ပါ။ အနာက မျက်စိနဲ့ နီးလွန်းတာ ဒါမှမဟုတ် ဒဏ်ရာကြီးရင် ဆရာဝန်အမြန်ပြပါ။ အသေးစားထိခိုက်ဒဏ်ရာဆိုရင်လည်း မပေါ့ဆဘဲ အနာဂရုစိုက်နည်းမှန်ကန်မှ ကလေးရဲ့မျက်နှာလေးမှာ အမာရွတ်မကျန်နိုင်မှာပါ။

(၆) အနာကို ဒီအတိုင်းမထားပါနဲ့

ဆိုလိုတာက အနာကို မဖုံးအုပ်ဘဲ လေသလပ်ခံတာက အရေပြားကိုခြောက်သွေ့စေပြီး အနာဖေးတက်စေတာကြောင့် အနာကျက်နှေးစေပြီး ပိုးဝင်ခြင်း၊ အမာရွတ်ကျန်ခြင်းတွေ ဖြစ်နိုင်ခြေများစေပါတယ်။ ကလေးဆိုတော့ အနာဖေးတွေခြောက်လာရင် ခွာတတ်ကြတယ်၊ ဆော့ရင်းကစားရင်း ညစ်ပေသွားနိုင်တယ်၊ အနာပြန်ပွင့်ပြီးသွေးထွက်စေနိုင်တယ်။ နေရောင်ခြည်နဲ့ထိတွေ့ရင်လည်း အမာရွတ်ဖြစ်စေပြီး အရေပြားဆဲလ်အသစ်တွေကို ထိခိုက်ပျက်စီးစေနိုင်တယ်။ ဆေးထည့်ပြီးတဲ့အခါ ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ထားမှ အရေပြားအသစ်ဖြစ်ပေါ်ဖို့ အကောင်းဆုံးအခြေအနေဖန်တီးပေးနိုင်မယ်၊ အနာပိုးမဝင်အောင် ကာကွယ်နိုင်မယ်။

(၇) ဒဏ်ရာအခြေအနေကို နေ့တိုင်း စစ်ဆေးပါ

အနာကို စစ်ဆေးတယ်ဆိုတာ ပလာစတာကို ခွာခွာပြီးကြည့်ဖို့မဟုတ်ပါဘူးနော်။ ပလာစတာ၊ ပတ်တီးကို တစ်နေ့တစ်ကြိမ် လဲရင်း၊ ဆေးထည့်ရင်း အနာကျက်တဲ့အခြေအနေကို ကြည့်ဖို့ပါ။ တစ်နေ့တစ်ကြိမ်ဆိုပေမယ့် ပလာစတာမှာ ရေစိုနေတာ၊ ညစ်ပေနေတာဆိုရင် အချိန်မရွေး အသစ်လဲရပါမယ်။

တကယ်လို့ထိခိုက်ဒဏ်ရာက သံစူးတာလိုမျိုး အရေပြားကို စူးမိ၊ထိုးဖောက်မိတဲ့ဒဏ်ရာဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး မေးခိုင်ကာကွယ်ဆေး ထိုးသင့်ရင်ထိုးရပါမယ်။ ဒီလိုအနာအနေအထားက မေးခိုင်ရောဂါပိုးကူးစက်ခံရဖို့ ပိုလွယ်ကူစေတာကြောင့် ပိုဂရုစိုက်သင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly