ရပ်နားထားသော ပုသိမ်ဆေးရုံ ၉ ထပ် အဆောက်အဦကိစ္စ အပြီးသတ်ဆောက်လုပ်သွားမည်

ရပ်နားထားသော ပုသိမ်ဆေးရုံ ၉ ထပ် အဆောက်အဦကိစ္စ အပြီးသတ်ဆောက်လုပ်သွားမည်

ဧပြီ ၂၊ ပုသိမ် ။     ။ စာချုပ်ပါ အချက်များနှင့် မညီသောကြောင့်  ဆောက်လုပ်ခြင်း ရပ်နားထားသည့် ပုသိမ်ဆေးရုံ ၉ ထပ် အဆောက်အဦကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီးဌာန ၃ ခု ပူးပေါင်းကာ ၂၀၁၉-၂ဝဘဏ္ဍာနှစ်တွင် ဆေးရုံကို အပြီးသတ်ဆောက်လုပ်နိုင်ရေး လုပ်ဆောင်သွားမည်ဟု လျှပ်စစ်စွမ်းအင်နှင့်စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက နိုင်ငံတော်အတိုင်ပင်ခံ တက်ရောက်သော လူထုတွေ့ဆုံပွဲတွင် ပြောခဲ့သည်။

ဧပြီ ၁ ရက်နေ့ ပြည်သူလူထုနှင့်တွေဆုံပွဲတွင် ပြည်သူတစ်ဦးက ပုသိမ်ဆေးရုံတွင် ဆောက်လုပ်နေသည့် ၉ ထပ် ဆေးရုံနှင့်ပတ်သက်ပြီး မေးမြန်းမှုအား ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“ သမ္မတကြီး လာတုန်း ၉ ထပ် ဆေးရုံကြီးကို ပြန်လည်စိစစ်ပေးဖို႕ ပြောထားတာ ရှိပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တိုင်းအစိုးရအဖွဲ႔ သုံးဦးသုံးဖလှယ် ပေါင်းပြီးတဲ့အခါမှာ ဆက်လက် ဆောင်ရွက်နေပါတယ်။ အဲဒီမှာ လမ်းပန်းဝန်ကြီး ဦးဆောင်ပြီး တန်ဖိုးတွက်ချက်စိစစ်ရေးကော်မတီ ဆိုတာ ရှိပါတယ်။ စီမံဘဏ္ဍာဝန်ကြီးဦးဆောင်တဲ့ ရန်ပုံငွေပေးချေမှုကြီးကြပ်ကော်မတီ ရှိပါတယ်။ လူမှုရေးဝန်ကြီး ဦးဆောင်တဲ့ ကြီးကြပ်ဆောက်လုပ်ရေးနှင့်ရန်ပုံတောင်းခံရေးဆိုပြီး ကော်မတီ ၃ ခုကို ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ႔ ကော်မတီဖွဲ႕ ပြီး ဆောင်ရွက်နေတာရှိပါတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး၊ လျှပ်စစ်စွမ်းအင်နှင့်စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

အဆိုပါ ပုသိမ်ဆေးရုံ တိုးချဲ႕ ၉ ထပ်ဆောင်အား Royal Lotus Co.,Ltd မှ  တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စာချုပ်ပါအချက်များအရ RC အဆောက်အဦ ဆောက်လုပ်ရမည် ဖြစ်သော်လည်း Steel Structure ဖြင့် ဆောက်လုပ်ထားခြင်း၊ စာချုပ်တွင် မပါဝင်သောငွေများ၊ စီမံကိန်းများကို  ဘဏ္ဍာနှစ်တွင် ထပ်မံ တိုးတောင်း ထားခြင်းတို့ကြောင့် စီမံကိန်းရပ်နားကာ စုံစမ်းစစ်ဆေးနေခြင်း ဖြစ်သည်။

“ ဖေဖော်ဝါရီလ ၂၇ ရက်မှာ လက်ရှိဆောက်နေတဲ ကုမ္ပဏီနဲ႔ လုပ်ငန်းတင်ဒါစာချုပ်ရပ်စဲရေးကိစ္စကို အကြမ်းဖျဉ်း သဘောတူညီပြီး ဖြစ်ပါတယ်။ တန်ဖိုးတွက်ချက်စိစစ်ရေးကော်မတီအစည်းအဝေး ပထမအကြိမ် လုပ်ပြီးပါပြီ။ လုပ်ငန်းကို တန်ဖိုးတွက်ချက်စိစစ်ပြီးတဲ့အခါမှာ အပြီးသတ်စာချုပ်ဖျက်နိုင်ရေးကို ဆက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပုသိမ်မြို့ဒေသခံများက တင်ပြချက် ၁၁ ချက်တွင် ပုသိမ် မြို့ ၉ ထပ်ဆေးရုံ အမြန်တည် ဆောက်ပြီးစီးရေးကိစ္စလည်း ပါဝင်ခဲ့သည်။

အဆိုပါ ပုသိမ်ဆေးရုံ ၉ ထပ်ဆောင် အဆောက်အဦ ဆောက်လုပ်ရန် တင်ဒါအား ၂၀၁၅ ခုနှစ်တွင် ခေါ်ယူခဲ့ပြီး၊ စက်တင်ဘာလတွင် စာချုပ် ချုပ်ဆိုပြီး၊ စာချုပ်သစ်အား ၂၀၁၆ ခုနှစ် မတ်လတွင် ပြင်ဆင်ချုပ်ဆိုထားကြောင်း သိရသည်။ Royal Lotus Co., Ltd မှ  တင်ဒါအောင်မြင်ခဲ့ပြီး၊၂၀၁၆-၁ရတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဆေးရုံ ဆောက်လုပ်နေမှုအား ၂၀၁၇ ခုနှစ်တွင် ရပ်ထားခြင်းဖြစ်သည်။

ပုသိမ်မြို့နယ်ပြည်သူဆေးရုံကြီးအား ၁၈၈၅ ခုနှစ်တွင် ကုတင် ၁၅၀ ဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် တွင် ကုတင် ၃၀၀ ဖြစ်ပြီး၊၂၀၁၅ ဇူလိုင်လတွင် ကုတင် ၅၀၀ ဆေးရုံကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly