အစိုးရဝန်ထမ်းအိမ်ရာများတွင် ဦးဖြိုးဇေယျာသော် တစ်အိမ်တက်၊ တစ်အိမ်ဆင်းမဲဆွယ်

အစိုးရဝန်ထမ်းအိမ်ရာများတွင် ဦးဖြိုးဇေယျာသော် တစ်အိမ်တက်၊ တစ်အိမ်ဆင်းမဲဆွယ်

နေပြည်တော်၊ အောက်တိုဘာ ၄ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ်လောင်း ဦးဖြိုးဇေယျာ်သော် အစိုးရရုံးပိတ်ရက် အောက်တိုဘာ ၄ရက်က နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာတွင် တစ်အိမ်တက်၊ တစ်အိမ်ဆင်း မဲဆွယ်စည်းရုံးခဲ့သည်။

“ဝန်ထမ်းတွေ နေထိုင်တဲ့ သိဒ္ဒိရပ်ကွက်မှာကျတော့ ကျွန်တော်တို့က ဟောပြောပွဲလုပ်ဖို့ နေရာရှာလို့ မရဘူး။ဓမ္မာရုံတွေကလည်း ကျွန်တော်တို့ကို ခွင့်မပြုဘူး၊ ဓမ္မာရုံဆိုတာ အရပ်ဓမ္မာရုံတွေပေါ့လေ.. အဲ့ဒါတွေကလည်း ခွင့်မပြုဘူးဆိုတော့ ကျွန်တော်တို့ကတော့ တစ်အိမ်ဆင်း တစ်အိမ်တက် စည်းရုံးရေးပဲ အဓိကလုပ်ရမှာပေါ့" ဟု ချယ်ရီဝန်ထမ်းအိမ်ရာများတွင် အောက်တိုဘာ ၄ရက်နေ့က မဲဆွယ် စည်းရုံးစဉ် ဦးဖြိုးဇေယျာသော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဖြိုးဇေယျာ်သော် နှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိရပ်ကွက် ချယ်ရီဝန်ထမ်းအိမ်ရာတွင် တစ်တိုက်ဝင် တစ်တိုက်ထွက် ဝန်ထမ်းများနှင့် တွေ့ဆုံမိတ်ဆက်၍ မဲဆွယ်စည်းရုံးခဲ့ပြီး မိမိတို့၏ ဆန္ဒမဲကို မည်သို့ ပေးရမည်ကိုလည်း ရှင်းပြခဲ့ သည်ကိုတွေ့ရသည်။

ဧက ၅၀၀၀ကျော် ကျယ်ဝန်းသည့် ချယ်ရီဝန်ထမ်းအိမ်ရာအတွင်း ဗဟိုဘဏ်၊ လျှပ်စစ်၊ သတ္တုတွင်း၊ မွေးမြူရေး၊ စွမ်းအင်၊ အကျဉ်းဦးစီးဌာန၊ ကျန်းမာရေး၊လူဝင်မှုကြီးကြပ်ရေးနှင့် ရဲဝန်ထမ်းများ နေထိုင်ကြကြောင်း ချယ်ရီဝန်ထမ်းအိမ်ရာမှ ဝန်ထမ်း တစ်ဦးက ပြောသည်။

ချယ်ရီဝန်ထမ်းအိမ်ရာအတွင်း အခြားပါတီမှ ကိုယ်စားလှယ်လောင်းများ လာရောက်မဲဆွယ်စည်းရုံးမရှိသေးကြောင်း ဝဏ္ဏသိဒ္ဓိရပ်ကွက်မှ သတ္တုတွင်း ဝန်ထမ်းတစ်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လက်ရှိအမတ်ဖြစ်သူ ဦးဖြိုးဇေယျာ်သော်သည် ပြီးခဲ့သည့် စက်တင်ဘာလက ဇမ္မူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်တွင် ဒေသခံများနှင့် မဲဆွယ်စည်းရုံးဟောပြောရာ၌ လွှတ်တော်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမပြီးပြတ်သေး၍ အမတ်ဆက်လုပ်လိုကြောင်းနှင့် ပြည်သူက စေခိုင်းသည်ကို ဆက်၍ လုပ်ချင်ကြောင်း ပြောကြားထားသည်။

ဇမ္မူသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဖြိုးဇေယျာသော်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဦကျော်အေး၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးမြတ်ဟိန်း၊ အမျိုးသားဒီမိုကရေစီ အင်းအာစု ပါတီမှ ဦးအောင်ခိုင်မို့တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly