AFC Cup 2019 အုပ်စုတတိယနေ့ပြိုင်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက် နှင့် ဟနွိုင်းအသင်းတို့ ယှဉ်ပြိုင်မည်

AFC Cup 2019 အုပ်စုတတိယနေ့ပြိုင်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက် နှင့် ဟနွိုင်းအသင်းတို့ ယှဉ်ပြိုင်မည်
ဓာတ်ပုံ - Yangon United 12th Players

ရန်ကုန်၊ ဧပြီလ ၁ ။             ။ AFC Cup 2019 အုပ်စု တတိယနေ့ပြိုင်ပွဲ  အုပ်စု (စ)အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဗီယက်နမ်ကလပ် ဟနွိုင်းအသင်းတို့သည်  ဧပြီလ ၂ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်အတွက် ရန်ကုန်ယူနိက်တက်အသင်းသည် နည်းပြချုပ် ဦးမျိုးမင်းထွန်း အပါအဝင် နည်းပြအဖွဲ့ဝင် ၉ ဦး ၊ ကစားသမား ၁၈ ဦး ဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို မတ်လ ၃၁ ရက်နေ့ညနက်ပိုင်းက ရောက်ရှိ ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း ပါဝင်ယှဉ်ပြိုင်နေသည့် အုပ်စု (စ)ပြိုင်ပွဲတွင် ဟနွိုင်း (ဗီယက်နမ်) အသင်းက ၄ မှတ်နှင့် တမ်ပနိစ်ရိုဗာ(စင်ကာပူ) က ၄ မှတ်စီဖြင့်ရပ်တည်နေပြီး နာဂါဝေါ(ကမ္ဘောဒီယား) က ၃ မှတ်ရရှိထား ကာ ရန်ကုန်ယူနိုက်တက်အသင်းမှာ ၂ ပွဲဆက်ရှုံးနိမ့်မှုကြောင့် ရမှတ်ရရှိထားခြင်း မရှိသေးပေ။

အုပ်စု(စ) ၏ တတိယနေ့ပွဲစဉ်များကို ဧပြီလ ၂ ရက်နေ့တွင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်အသင်း နှင့် ဟနွိုင်း အသင်း ၊ ဧပြီလ ၃ ရက်နေ့တွင် ရှမ်းယူနိုက်တက်အသင်း နှင့် ဗီယက်နမ်ကလပ် ဘင်ဒေါင်းလ် အသင်း တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အိမ်ကွင်းတွင် လက်ခံကစားသွားမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်း ပါဝင်ယှဉ်ပြိုင်နေသည့် အုပ်စု(ဆ)တွင် ဆီရက်စ်အသင်းမှ ၆ မှတ်၊ ပါဆီဂျာအသင်းက ၄  မှတ်၊ ဘင်ဒေါင်း အသင်းက ၁ မှတ် ရရှိထားပြီး ရှမ်းယူနိုက်တက်အသင်းမှ ၂ ပွဲ ဆက်ရှုံးနိမ့်မှုကြောင့် အမှတ် ရရှိခြင်းမရှိသေးပေ။

မြန်မာနေရှင်နယ်လိဂ် ကလပ်နှစ်သင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ သည် အုပ်စု ပြိုင်ပွဲများတွင် နှစ်ပွဲဆက် ရှုံးနိမ့်ထားရှိပြီး ယခု ပွဲစဉ်များကို အနိုင်ရရှိရန် လိုအပ်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly