ဘာသာရေးအရ တိုက်ခိုက်မှုကို အထူးသတိပြုဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

ဘာသာရေးအရ တိုက်ခိုက်မှုကို အထူးသတိပြုဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး
အောက်တိုဘာ ၄ရက်က မိုးညှင်းမြို့ ဟောပြောပွဲတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ-မင်းမင်း)
 

မြစ်ကြီးနား၊ အောက်တိုဘာ ၄။ ။ ပြည့်ဝသည့် ငြိမ်းချမ်းရေးမရသည့် တိုင်းပြည်တွင် လူမျိုးရး၊ ဘာသာရေးကိုအခြေခံသော အမုန်းပွားစေသည့် လုပ်ရပ်များကို သတိထားကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“ပြည့်ဝတဲ့ငြိမ်းချမ်းရေးကို ရရှိအောင် လုပ်နေရတဲ့အချိန်မှာ ဘာသာရေး၊ လူမှုရေးပဋိပက္ခမီးတွေကို ရှို့နေတဲ့ ပုဂ္ဂိုလ်များကို အင်မတန် သတိနဲ့ ဆက်ဆံကြပါလို့ ကျွန်မက ဆော်ဩချင်ပါတယ်” ဟု ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးစဉ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မိုးညှင်းမြို့၊ လျောင်းတော်မူဘုရားအနီးတွင် ပြုလုပ်သည့် ဟောပြောပွဲတွင် ဒေသခံများအား အောက်တိုဘာ ၄ရက်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကချင်ပြည်နယ်သို့ အောက်တိုဘာ ၂ရက်ကတည်းက ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ဒေသအခြေစိုက် လူမှုရေးအဖွဲ့အစည်းတစ်ချို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်အတွင်းရှိ မဲဆွယ်စည်းရုံးမှုများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို မဲမပေးရန် ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး တိုက်ခိုက်မှုများရှိနေသည်ဟု ကြားသိရကြောင်းလည်း ပြောသည်။

သို့သော် မည်သည့်ပါတီ၊ အဖွဲ့အစည်းက ထိုသို့ တိုက်ခိုက်နေသည်ကိုမူ ပြောဆိုသွားခြင်း မရှိပေ။

“ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တဲ့ ပြည်ထောင်စုမျိုး ဒီလိုနိုင်ငံမျိုးကို ကျွန်မတို့က ထူထောင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အချင်းချင်းအကြားမှာ အမုန်းတရားပွားစေမယ့် လုပ်ရပ်တွေဟာ နိုင်ငံနဲ့ပြည်ထောင်စုအပေါ်မှာ သစ္စာမရှိရာရောက်ပါတယ်လို့ ကျွန်မပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုသည်။

အဆိုပါ လုပ်ရပ်များသည် ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားမပြုရဟု ပြဌာန်းထားသော အခြေခံဥပဒေနှင့်လည်း ဆန့်ကျင်နေပြီး မျိုးစောင့်ဥပဒေဟု လူသိများသည့် ဘာသာရေးဆိုင်ရာ ဥပဒေများကို မထောက်ခံသည့် NLDပါတီကိုမဲမပေးရန် လက်ရှိရွေးကောက်ပွဲအကြိုကာလတွင်ပင် ပြောဆိုဟောပြောမှုများရှိနေပြီး မကြာခင်ရောက်ရှိလာတော့မည့် ရွေးကောက်ပွဲကာလတွင် အစွန်းရောက်များ အကြမ်းဖက်လှုံ့ဆော်လာမည်ကို NLDပါတီက စိုးရိမ်သည်ဟု ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောဆိုထားသည်။

“အင်န်အယ်လ်ဒီပါတီက ဘာသာရေးဆိုင်ရာဥပဒေတွေကို မထောက်ခံလို့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်အချို့က သူတို့ကို ယုံကြည်သူတွေကို သြဇာလွှမ်းဖို့ကြိုးစားပြီး အင်န်အယ်လ်ဒီကိုမဲမပေးဖို့ လုပ်တဲ့ ဖြစ်စဉ်အချို့ ရှိပါတယ်။ သူတို့ရဲ့ ဟောပြောမှုတွေဟာ အခြေခံဥပဒေနဲ့ လုံးလုံးဆန့်ကျင်နေတယ်၊ ပြီးတော့ အစွန်းရောက်တွေကို ရွေးကောက်ပွဲကာလမှာ အကြမ်းဖက်မှုတွေ လုပ်ဆောင် လှုံ့ဆော်မှာ ကျနော်တို့စိုးရိမ်ပါတယ်” ဟု စက်တင်ဘာ ၂၅ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲနှင့် ကျင့်ဝတ်ဆိုင်ရာညီလာခံတွင် ဦးဝင်းထိန်က ပြောဆိုခဲ့သည်။

သံဃာတော်အချို့ဦးဆောင်သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)က ၂၀၁၅ရွေးကောက်ပွဲနီးကပ်လာချိန်နှင့် တိုက်ဆိုင်စွာပင် မျိုးစောင့်ဥပဒေကန့်ကွက်သူများကိုရှောင်ကွင်းပြီး မဲပေးရန် နိုင်ငံအဝှမ်းပြုလုပ်သည့် မျိုးစောင့်ဥပဒေအောင်ပွဲအထိမ်းအမှတ်တွင် ဟောပြောလျက်ရှိသည်။

“မျိုးစောင့်ဥပဒေ လွှတ်တော်သို့တင်သွင်းရာ၌ မထောက်ခံသူ၊ ကန့်ကွက်သူများသည် ၂၀၁၅ခု ရွေးကောက်ပွဲ၌ အနိုင်ရရှိသွားပါက မျိုးစောင့်ဥပဒေကို ဧကန်မုချ ဖျက်ပစ်ကြမည်မှာ မလွဲပေ။ ထို့ကြောင့် မျိုးစောင့်ဥပဒေဖျက်မည့်သူများကို ရှောင်ကွင်း၍ မျိုးစောင့်ဥပဒေကာကွယ်မည့်သူများကိုသာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြရန်လည်း အဓိကလိုအပ်သည်” ဟု အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် စက်တင်ဘာ ၂၄ရက်ကပြုလုပ်သော မျိုးစောင့်ဥပဒေအောင်ပွဲတွင် နေပြည်တော် မ.ဘ.သအဖွဲ့ အတွင်းရေးမှူး ဘဒ္ဒန္တ ကိတ္ထသာရက မိန့်ကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပါက မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များ ကြီးစိုးလာမည်ဟု ပြောဆိုမှုများရှိနေသည်ဟု ဟောပြောပွဲအတော်များများတွင် ဒေသခံများက ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့သည်။

ယင်းပြောဆိုချက်များသည် အခြေခံဥပဒေနှင့် လုံးလုံးဆန့်ကျင်နေပြီး ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေးအသုံးချမှုများကို အစိုးရက တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသည်ကိုပင် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့သည်။

ကချင်ပြည်နယ်စည်းရုံးရေးခရီးစဉ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၅ရက်တွင် ဗန်းမော်မြို့သို့ မြစ်ကြီးနားမှတစ်ဆင့် လေယာဉ်ဖြင့် သွားရောက်မည်ဖြစ်ကာ ညနေပိုင်းတွင် မိုးမောက်မြို့တွင် ဟောပြောမည်ဖြစ်ပြီး အောက်တိုဘာ ၆ရက်တွင်မူ ဗန်းမော်မြို့တွင် ဟောပြောပွဲပြုလုပ်ရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required