မန်ယူရဲ့ ပေါ့ဘာကို ဇီဒန်း ချီးကျူးခဲ့ပြီး ကစားသမားကို အသင်းဆီ ခေါ်ယူလို

မန်ယူရဲ့ ပေါ့ဘာကို ဇီဒန်း ချီးကျူးခဲ့ပြီး ကစားသမားကို အသင်းဆီ ခေါ်ယူလို
Photos: EPA

ရီးယဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက ပေါ့ဘာလို ကစားသမားမျိုးက အရာအားလုံးကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိထားတဲ့ ကစားသမားလို့ ချီးကျူးခဲ့ပြီး မန်ယူကြယ်ပွင့်ကို ခေါ်ယူလိုတယ်လို့ စနေနေ့က ပြောဆိုသွားခဲ့ပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ ပေါ့ဘာဟာ နည်းပြသစ် ဆိုးလ်ရှားကို လေးစားမှုရှိပေမယ့်လည်း ရီးယဲလ်အသင်းကိုတော့ ကြိုက်နှစ်သက်မှုရှိကြောင်း လျှို့ဝှက်မထားနိုင်ခဲ့ပါဘူး။

"ရီးယဲလ်ဟာ ကမ္ဘာ့ အကြီးဆုံးကလပ်အသင်းတွေထဲက အသင်းတစ်သင်းပါ။ ရီးယဲလ်အသင်းမှာ ကစားခွင့်ရရေးက ကစားသမားတိုင်းရဲ့ အိပ်မက်ဖြစ်တယ်လို့ ကျနော် အမြဲ ပြောဆိုခဲ့တယ်။"လို့ ကွင်းလယ်ကစားက ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ပြောဆိုထားပါတယ်။

ဇီဒန်းကိုယ်တိုင်ကလည်း ပေါ့ဘာရဲ့ ပရိသတ်ဖြစ်ပြီး ရီးယဲလ်နည်းပြက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ "ပေါ့ဘာလို ကစားသမားမျိုးကို အရမ်းသဘောကျတယ်ဆိုတာ လူတိုင်း သိပါတယ်။" ပြောပါတယ်။

"ပုဂ္ဂိုလ်ရေးအရ သူ့အကြောင်းကို ကျနော် ကောင်းကောင်းသိပါတယ်။ သူဟာ တခြားကစားသမားတွေနဲ့ ကွဲပြားခြားနားပါတယ်။

"သူက အရာရာကို လုပ်နိုင်စွမ်းရှိပါတယ်။ ခံစစ်ကို ဘယ်လိုကစားရမယ်ဆိုတာ တကယ် ကောင်းကောင်း သိတဲ့ ကွင်းလယ်ကစားသမားတွေ ရှိသလို အရမ်းကို ကောင်းအောင် တိုက်စစ်ဆင်နိုင်တဲ့ ကွင်းလယ်ကစားသမားတွေလည်း ရှိပါတယ်။ သူကတော့ ခံစစ်မှာရော တိုက်စစ်မှာပါ ဘယ်လို ကစားရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။

ရီးယဲလ်အသင်းကို နည်းပြအဖြစ် တကျော့ပြန်ရောက်ရှိလာတဲ့ ဇီဒန်းက "တစ်နေ့မှာ ပေါ့ဘာဟာ မန်ယူကနေ ထွက်ခွာခဲ့ရင်တော့ သူဟာ အရာတစ်ခုကို လုပ်ဖို့ အခွင့်အရေးရှိပါတယ်။ သူကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းကို ကြိုက်ကြောင်း ပြောဆိုထားပါတယ်။”လို့ ရီးယဲလ်နည်းပြက ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် ပေါ့ဘာဟာ ၂၀၁၆ က ဂျူဗင်တပ်စ်အသင်းကနေ ယူနိုက်တက်ဆီ ယူရို ၁၀၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူ့ရဲ့ လက်ရှိစာချုပ်က ၂၀၂၁ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ယူရို သန်း ၅၀၀ အထိ အသုံးပြုကာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်မယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required