နိုင်ငံရေးဆွေးနွေးမှုစကားဝိုင်းတွင် ဝင်ရောက်လာရန် AA ကို တိုက်တွန်း

နိုင်ငံရေးဆွေးနွေးမှုစကားဝိုင်းတွင် ဝင်ရောက်လာရန် AA ကို တိုက်တွန်း
Photo: thearakanarmy.com

နေပြည်တော်၊ မတ် ၃၀ ။     ။ AA အနေဖြင့် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နည်းတူ နိုင်ငံရေးဆွေးနွေးမှုစကားဝိုင်းတွင် ဝင်ရောက်လာရန် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တိုက်တွန်းပြောဆိုလိုက်သည်။

“ အဲဒီတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု သွားတဲ့အချိန်မှာ အားလုံး တခြားသော တိုင်းရင်းသားတွေ ၊ တခြားသော EAO တွေ သွားနေတဲ့ နည်းတူ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းတဲ့နည်းနဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့အတူ ငြိမ်းချမ်းရေးစားပွဲဝိုင်းတွေကို ဝင်ရောက်လာဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ဒါကိုလည်း လေးလေးနက်နက် တိုက်တွန်းချင်ပါတယ်”ဟု ၄င်းက ပြောသည်။

မတ်လ ၂၉ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအနေဖြင့်သော်လည်းကောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်သော်လည်းကောင်း AA အပါအဝင် အခြားအဖွဲ့များအတွက်၂၁ ရာစုပင်လုံညီလာခံတွင် နိုင်ငံရေး ဆွေးနွေးပွဲများမှာ ဝင်ရောက်နိုင်ရန်အတွက် လမ်းဖွင့်ပေးထားကြောင်း ၄င်းက ဆက်လက်ပြောသည်။

ထိုအတွက်ကို ငြိမ်းချမ်းရေးကော်မရှင်နှင့် အသေးစိတ်ဆွေးနွေးနေပြီဖြစ်ကာ ထိုဆွေးနွေးပွဲတွင် နိုင်ငံရေး အခွင့်အရေးများ တောင်းဆိုရန်၊ တန်းတူညီမျှ အခွင့်အရေးများတောင်းဆိုရန်လိုကြောင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဆိုသည့် ဖက်ဒရယ်ပြည်ထောင်စုကို သွားရန်အတွက် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ EAO (တိုင်းရင်းသားလက်နက်ကိုင်)အဖွဲ့များမှ ကတိကဝတ်ကိုလည်း ရရှိထားပြီဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်လက် ပြောသည်။

လက်နက်ကိုင်ပြီး ဖြေရှင်းခြင်းသည် အဖြေမထွက်ဘူးဆိုသည်ကို သမိုင်းက သင်ခန်းစာပေးထားသည့်အတွက် နိုင်ငံရေးလမ်းကြောင်းနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းတွင် ရခိုင်ပြည်နယ်အနေဖြင့် တစ်က ပြန်စနေရ သည့် အနေအထားမျိုးဖြစ်နေသည်ဟုလည်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AAတို့ အကြား ဇန်နဝါရီလမှ မတ်လ ၂၈ ရက်အထိ တိုက်ပွဲပေါင်း ၁၀၃ ကြိမ်ဖြစ်ခဲ့ပြီး မိုင်းပေါက်ကွဲမှု ၄၄ ကြိမ် ရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၂၇ ဦး ကျဆုံး၍ အရပ်သား ၁၂ ယောက်အထိ သေဆုံးခဲ့သည်ဟု အစိုးရဘက်မှ သိရသည်။

“အဲဒီထဲမှာ တပ်မတော်နဲ့ ထိတွေ့ ဖြစ်စဉ်တွေမှာ AA ဘက်က ဒီနေ့ချိန်ထိပေါ့နော် ၅၈ ဦး သေပါတယ်။ ၈ ဦး အရှင်ဖမ်းမိပါတယ်။ လက်နက်ငယ် ၂၂ လက် ဖမ်းဆီးရမိပါတယ်။ တပ်မတော်ဘက်က ကျဆုံးဒဏ်ရာရ စာရင်းကတော့ တပ်မတာ်ဘက်က အသေးစိတ်ထုတ်ပြန်ပါမယ်။ အဲဒါကတော့ အစိုးရဘက်က ထုတ်ပြန်ဖို့ မရှိပါဘူး”ဟု ၄င်းက ပြောသည်။

ထို့အပြင် တိုက်ပွဲမဟုတ်သည့်သာမန်ချိန်များတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ အပါအဝင် AA ဘက်မှ သတ်ခဲ့သည့် အရပ်သား ၆ ဦးရှိပြီး၊ ၂ ဦး ပျောက်ဆုံးနေကြောင်း ဦးဇော်ဌေး ပြောဆိုချက်အရ သိရသည်။

 “အထူးသဖြင့်တော့ ခုနကပြောတဲ့ စာရင်းဇယားတွေအရ တကယ့် မြေပြင်မှာ တိုက်ပွဲဖြစ်နေတဲ့မြေပြင်မှာ ဒုက္ခရောက်ရတာက ရခိုင်ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတင် မကဘူး၊ ကျန်တဲ့ တိုင်းရင်းသားတွေလည်း ကျွန်တေ်ာတို့ တိုင်းရင်းသားတွေပါပဲ။ အားလုံးက ဒီအပေါ်မှာ တော်တေ်ာလေး အခက်အခဲ ဒုက္ခမျိုးစုံကြုံတွေ့နေရတာကို နားလည်ဖို့လိုပါတယ်လို့ ကျွန်တေ်ာတို့က ပြောချင်ပါတယ်”ဟု ၄င်းက ပြောသည်။

မတ်လ ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ်သော NRPCနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈)ဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ AA မှ ဗိုလ်မှူးကြီး ကျော်ဟန် တက်ရောက်လာခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး လက်နက်ကိုင်တောင်းဆိုနေမည့် အစား နိုင်ငံရေးစားပွဲဝိုင်းကို လာရောက်ရန် အစိုးရမှ ဖိတ်ခေါ်ထားကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required