ရန်ကုန်၊ မတ်လ ၃၀ ။ ။ ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်ကကြီးမှူးကျင်းပသည့် ဗီယက်နမ် ယူ၁၉ ဖိတ်ခေါ်ပြိုင်ပွဲများကို မတ်လ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့ရာ မြန်မာလက်ရွေးစင် ယူ ၁၈ အသင်းသည် ပြိုင်ဘက်အသင်း အားလုံးကို ရှုံးနိမ့်ခဲ့သည်။
မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြန်မာလက်ရွေးစင် ယူ၁၈ အသင်း နှင့် တရုတ်ယူ၁၉ အသင်းတို့ တတိယနေရာလှပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်း က ပေးဂိုး ၃ ဂိုး သွင်းဂိုး ၂ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။
မြန်မာအသင်းနှင့်တရုတ်အသင်းတို့၏ပွဲစဉ်တွင် ပထမပိုင်း ပွဲကစားချိန် ၈ မိနစ်၌ တရုတ်အသင်းမှ ဦးဆောင်ဂိုး စတင်သွားယူခဲ့ပြီး မြန်မာအသင်းမှ တန်ပြန်တိုက်စစ်များဖြင့်သာ တရုတ်အသင်းဘက်သို့ ကစားခဲ့သည်။ ပွဲ ကစား ချိန် ၁၂ မိနစ်တွင် မြန်မာအသင်းမှဘက်မှ ပန်တီကန်ခွင့်ရခဲ့ပြီး အဆိုပါ အခွင့်အရေးကို ကောင်းမွန်စွာ သုံးချနိုင်ခဲ့သောကြောင့် မြန်မာအသင်းအနေဖြင့် ချေပဂိုးရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့် ဂိုးကန်သွင်းမှုများရရှိခဲ့သော်လည်း အဆုံးသတ် မသေချာမှုများ ရှိခဲ့သည်။ ပွဲကစားချိန် ၃၇ မိနစ်တွင် မြန်မာအသင်း မှ ဦးဆောင် ဂိုးရရှိခဲ့ပြီး ဆက်လက်ယှဉ်ပြိုင် ကစားရာ ပွဲကစားချိန် ၄၅ မိနစ်တွင် တရုတ်အသင်းက ချေပဂိုး ထပ်မံရရှိသွားခဲ့သည်။
ဒုတိယပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းမှ ဖိအားပေးကစားပေးနိုင်ခဲ့သော်လည်း ကစားကွက် အချိတ်ဆက်မိမှုပိုင်း အားနည်းနေခဲ့သည်။ ထို့နောက် ပွဲကစားချိန် ၆၅မိနစ်တွင် မြန်မာအသင်းမှ ကစားသမား တစ်ဦး အနီကဒ်ပြခံရပြီး ၁ဝယောက် ၁၁ယောက်ဖြင့် တရုတ်ယူ ၁၉ အသင်းကို ယှဉ်ပြိုင်ကစားခဲ့ရသည်။
ပွဲကစားချိန် ၆၉ မိနစ် တွင် မြန်မာအသင်း၏ နောက်တန်းကစားသမား၏ အမှားကျူးလွန်မှုကို တရုတ်အသင်းမှ အသုံးချနိုင်ခဲ့သောကြောင့် တရုတ်အသင်းမှ အနိုင်ဂိုး ထပ်မံရရှိသွားပြီး ပွဲအပြီးတွင် ၃-၂ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ် ၊ မြန်မာ ၊ ထိုင်းနှင့် တရုတ်အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းမှ ပြိုင်ဘက်အားလုံးကို အရှုံး ပေးခဲ့ရသည်။ ယခုပြိုင်ပွဲသည် မြန်မာအသင်း၏ နည်းပြချုပ် ဦးစိုးမြတ်မင်း၏ ပထမဆုံး နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲ တစ်ခုလည်းဖြစ်သည်။
မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲတွင် အိမ်ရှင် ဗီယက်နမ်အသင်း နှင့် ထိုင်းအသင်းတို့မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။