မတ် ၂၉၊ မြောက်ဦး ။ ။ ရခိုင်ပြည်နယ်လို့ ပြောလိုက်တာနဲ့ ပဋိပက္ခတွေ၊ ဘာသာရေး၊ လူမျိုးရေးပြသနာတွေကို ပြေးမြင်မိကြမှာပါပဲ။
အဲဒီထဲကရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော် မြောက်ဦးကတော့ ရှေးဟောင်းသုတေသနနဲ့ သက်ဆိုင်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေရဲ့ ဆွဲဆောင်မှုနေရာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။
ပြည်တွင်း၊ ပြင်ပခရီးသည်တွေနဲ့ စည်ကားတဲ့အပြင် မြောက်ဦးရဲ့ အရှေ့ဘက်မှာ လေးမြို့မြစ် ရှိပြီးတော့ အဲ့ဒီ့ဘက်ကနေ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ ထွက်တဲ့အတွက် စီးပွားရေးအခြေအနေက ကောင်းမွန်တဲ့ အခြေအနေဘက်မှာ ရှိလာပါတယ်။
ရပ်ကွက် ၇ ခု၊ ကျေးရွာ ၃ဝဝ နီးပါးလောက်နဲ့ ကျေးရွာအုပ်စုကတော့ ၁ဝ၁ စုလောက်ရှိတဲ့ မြောက်ဦးဟာ ရန်ကုန်- စစ်တွေ ကားလမ်းနဘေးမှာတည်ရှိတဲ့အတွက် ကုန်စည်အဝင်အထွက်ရှိပြီးတော့ ရေကြောင်းအရလည်း ဆက်သွယ်မှုရှိပါတယ်။
“ မြောက်ဦးမြို့ဟာ တော်တော်လေး အဆင်ပြေတဲ့မြို့ ဖြစ်ပါတယ်။ အခုက စစ်ပွဲတွေကြောင့် စီးပွားရေး အဆင်မပြေမှုတွေ တော်တော်များပြားနေတာကို တွေ့ရပါတယ်။ စစ်ပွဲကြောင့် လမ်းတစ်လျှောက်မှာ အသွားအလာ ခြောက်ကပ်နေပါတယ်။ စျေးဆိုင်တွေလည်း မဖွင့်တဲ့ဆိုင် များပါတယ်။ ဆိုတော့ မြောက်ဦးမြို့ ဟာ သုဿန်တစပြင်လို ဖြစ်နေပါတယ်” လို့ ဦးထွန်းသာစိန် မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က မတ်လ ၂၀ ရက်က ဒေသမှာတွေ့ဆုံစဉ် မဇ္ဈိမကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာနှောင်းပိုင်းက စပြီး တပ်မတော်နဲ့ AA အကြား ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီးနောက် ရခိုင့်တန်ဆောင်ဖြစ်တဲ့ မြောက်ဦးကိုလည်း ကူးစက်ခဲ့ပါတယ်။
မြောက်ဦးမြို့နယ်အတွင်း ကျေးရွာတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာပြီးတဲ့နောက်ပိုင်း မြို့ထဲမှာ သွားလာ သူမရှိ ခြောက်ကပ်နေသလို ဘုရားပုထိုးတွေ ကျည်ဆန်မှန်တာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
စားသောက်ဆိုင်ပိုင်ရှင် ဦးသိန်းထွန်းက “ အရင်က မြို့ထဲ ပျော်ပျော်ရွှင်ရွှင်နေရတယ်။ အခုက ဖြစ်သလို နေရတယ်၊ စားရတယ် အဲလိုအခြေအနေ ရောက်နေတာပေါ့” လို့ မြောက်ဦးမြို့ အခြေအနေကို သူက ပြောပါတယ်။
“ အခုဆို လုံးဝ မကောင်းတော့ဘူး။ ဘာလို့လဲဆိုတော့ အခုဆို အစ်မတို့ စားသောက်ဆိုင် ရောင်းတယ်။ မနက်ပိုင်းဆို လူက မရှိတာ၊ ညနေပိုင်းဆိုရင်လည်း လူ လုံးဝမရှိတာ။ ၆ နာရီ၊ ၇ နာရီဆို ဆိုင်ပိတ်နေရပြီ အခုဆိုလို့ရှိရင်။ အစ်မတို့မှာ ဒါနဲ့ပဲ လုပ်စားနေရတာလေ။ အခု လူလည်း မလာတော့ အစ်မတို့မှာ ထိခိုက်မှု အများကြီး ရှိတယ်” လို့ မဝေမာအောင်(စားသောက်ဆိုင်ပိုင်ရှင်၊ မြောက်ဦး) က ဆိုပါတယ်။
နဂိုကတည်းက လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုကြောင့် ဖွ့ံဖြိုးမှုအားနည်းခဲ့တဲ့ နေရာတွေက တိုက်ပွဲတွေ ကြောင့် ဖွံဖြိုးတိုးတက်မှုအနေအထားက ပိုပြီးတော ့ဆုတ်ယုတ်ခဲ့ပါတယ်။
ခရီးသွားရာသီ ဖြစ်ပေမဲ့ မြောက်ဦးမြို့ပေါ်က ဟိုတယ်တွေနဲ့တည်းခိုခန်းတွေကိုလည်း ပိတ်ထားရပြီးတော့ အခြေအနေပေါ်မူတည်ပြီး မတ်လအကုန်လောက်မှ ပြန်ဖွင့်၊ မဖွင့် သိရမယ်လို့ မြောက်ဦးမှာရှိတဲ့ ဟိုတယ်တာဝန်ရှိသူတွေ ပြောပြချက်အရ သိရပါတယ်။
မြောက်ဦးမြို့နယ်ကို လာရောက်လည်ပတ်တဲ့ ခရီးသည်အရေအတွက်က ၂ဝ၁၈ ခုနှစ်မှာ ပြည်ပခရီးသည်က ၂၄ဝဝ ကျော်နဲ့ ပြည်တွင်းခရီးသည်က ၅၂ဝဝ ကျော်ရှိတယ်လို့ စစ်တွေမြို့နယ်အခြေစိုက်ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးက သိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိမှာတော့ ဖွံ႔ ဖြိုးစပြုနေတဲ့ မြောက်ဦးဟာ စစ်ပွဲဒဏ်ကြောင့် စီးပွားရေးသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ ထိခိုက်နေပြီး ဒေသခံပြည်သူတွေကတော့ ကြောက်လန့်စိုးရိမ်မှုတွေနဲ့ နေ့စဉ်ရက်ဆက် ဖြတ်ကျော်နေကြရပါတယ်။
“ဒီလိုပဲဆိုရင် လူထုက နေဖို့၊စားဖို့ ဘယ်လိုလုပ်ရမလဲ။ နို့စို့ကလေးကအစ ထားခဲ့တာတွေ ရှိပါတယ်ဒ ဒီတော့ ပစ်ခတ်ရေးကို ရပ်ဆိုင်းပေးဖို့ လိုပါတယ် ” လို့ စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ဒေါ်သိန်းသိန်းအေးက သူ့မျှော်လင့်ချက်ကို ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်ဟာ ဘင်္ဂါလီဒုက္ခသည်တွေအရေး အပြင် ဒေသခံဒုက္ခသည်တွေကိုပါ ထပ်မံ ထမ်းပိုးထားနေရတဲ့ အနေအထားလည်း ဖြစ်နေတာအမှန်ပါပဲ။