အချစ်ဆုံးသူငယ်ချင်းThe Panda ကို အားပေးမည့် အန်တိုနီယာ

အချစ်ဆုံးသူငယ်ချင်းThe Panda ကို အားပေးမည့် အန်တိုနီယာ

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား အန်တိုနီယာသည် ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ONE: A New Era ပြိုင်ပွဲကြီးတွင် ONE အမျိုးသမီး စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်သူ Xiong Jing “The Panda” Nan ကို အားပေးသွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

Xiong Jing “The Panda” Nan သည် ONE အမျိုးသမီး စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို စိန်ခေါ်သူ Angela “Unstoppable” Lee လက်အတွင်း မရောက်ရှိစေရန် ကာကွယ်ရမည်ဖြစ်သည်။

တရုတ်နိုင်ငံသူ  ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား Xiong Jing Nan သည် ကယန်းတိုင်းရင်းသူ အန်တိုနီယာနှင့်အတူ Bali MMA Gym တွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ဖူးသူလည်း ဖြစ်သည်။

“Xiong Jing Nan က ကျွန်မ အချစ်ဆုံး သူငယ်ချင်းလေ။ ကျွန်မ သူ့ကိုပဲ အားပေးမှာပါ။ ကျွန်မတို့ကြားမှာ အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးရှိထားပါတယ်” ဟု အန်တိုနီယာက ပြောကြားခဲ့သည်။

အန်တိုနီယာသည် ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင်လည်း “စိတ်မပူနဲ့ Xoing Jin Nan ကိုယုံပြီးသားပါ။ အခု Angala lee နဲ့ Xoing Jin Nan ရဲ့ခန္ဓာကိုယ်ချင်း အရမ်းကိုကွာပေမယ့် Xoing နိုင်မှာပါ” ဟု ရေးသားဖော်ပြခဲ့သည်။

Jing Nan နှင့် Lee တို့၏ ပွဲစဉ်သည် ONE: A New Era ပြိုင်ပွဲကြီး၏ စိတ်ဝင်စားမှု အရှိဆုံး တွဲဆိုင်းများအထဲမှ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး နှစ်ဦးစလုံးအတွက် အရေးပါသော ပွဲလည်း ဖြစ်သည်။ အထူးသဖြင့် ဝိတ်တန်းနှစ်ခု၏ ချန်ပီယံအဖြစ် သမိုင်းသစ်ရေးထိုးရန် ဆန္ဒရှိနေသည့် Angala lee  နှင့် ချန်ပီယံခါးပတ်ကို ကာကွယ်ရမည့် The Panda တို့အတွက် အကြိတ်အနယ်ရှိလာမည်ဟု ပရိသတ်များက ထင်ကြေးပေးထားကြသည်။

“ ဘယ်သူနိုင်မလဲဆိုတာ ကတော့သူတို့ရဲ့ယှဉ်ပြိုင်မှုပေါ်မှာပဲမူတည်ပါတယ်။ သူတို့နှစ်ယောက်ကလည်း တကယ့်ကို အရမ်းကြိုးစားပြီး လေ့ကျင့်ပြင်ဆင်ထားတဲ့အတွက် ဆုံးဖြတ်ရမှာတော့နည်းနည်းခက်ခဲတယ်။ ဒါပေမယ့် ကျွန်မကတော့ Xoing Jin Nan နိုင်မယ်လို့ထင်တယ်။ သူက အရမ်းကို ကြံ့ခိုင်တယ် စိတ်ဓာတ်ပိုင်းမှာလည်း ပြောစရာမလိုဘူး။ ပြီးတော့ သူ့ရဲ့ boxing ပညာကလည်း အရမ်းကိုကောင်းတယ်။ သူက လျင်မြန်သွက်လက်ပြီး ပါးနပ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုပိုပြီးယုံကြည်ထားပါတယ်။” ဟု အန်တိုနီယာက ဆိုသည်။

ONE Championship ပြိုင်ပွဲတစ်လျှောက်တွင် ၎င်းတို့နှစ်ဦးစလုံးသည် စိန်ခေါ်သူအားလုံးကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့ကြသူများဖြစ်သည်။ သို့သော် ယခု ပြိုင်ပွဲတွင် အမှားမခံဘဲ တဦး၏ အားသာသည့်တိုက်ကွက်တချို့က ကျန်တဦးအပေါ် ကြီးမားလှသည့် သက်ရောက်မှုဖြစ်သွားစေနိုင်ခြင်းကြောင့် ပြိုင်ပွဲမှာ အကြိတ်အနယ်လာမည်ဖြစ်သည်။

“ကျွန်မတို့အတူတူ Bali MMA မှာ လေ့ကျင့်ခဲ့ကြဖူးတယ်။ သူဟာ သိပ်တော်တဲ့ ကစားသမားပါ” ဟု အန်တိုနီယာက မှတ်ချက်ပြုသည်။

Xiong  Jing Nan သည် အန်တိုနီယာ၏ အချစ်ဆုံး သူငယ်ချင်းတစ်ဦး ဖြစ်ပြီး အကယ်၍ တစ်ချိန်ချိန်တွင် Xiong Jing Nan သို့မဟုတ် Angala lee နှင့် ယှဉ်ပြိုင် ထိုးသတ်ရမည်ဆိုပါက Lee နှင့်သာ ယှဉ်ပြိုင်ချင်ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။

“တကယ်လို့ ကံကြမ္မာက ဖန်တီးလာတယ်ဆိုရင်တောင် ကျွန်မအနေနဲ့ ရွေးချယ်ခွင့်ရရှိရင် Angala lee နဲ့ပဲ ယှဉ်ပြိုင်ချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Xiong Jing Nan က အချစ်ဆုံး သူငယ်ချင်းတစ်ယောက်မို့ပါ။” ဟု အန်တိုနီယာက ဆိုသည်။

ONE: A New Era ပြိုင်ပွဲကို လာမည့် မတ်လ ၃၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၄ နာရီအချိန်တွင် Skynet Sport 3 နှင့် MNTV တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly