တပ်မတော်နှင့် AA တို့ ထိတွေ့မှု ဖြစ်ပွားသည်ဟု ယူဆရသောရွာတွင် ရွာသား ၂ ဦး သေဆုံး

တပ်မတော်နှင့် AA တို့ ထိတွေ့မှု ဖြစ်ပွားသည်ဟု ယူဆရသောရွာတွင် ရွာသား ၂ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၉ ။    ။ တပ်မတော်နှင့် AA တို့ ထိတွေ့မှု ဖြစ်ပွားခဲ့သည်ဟု ယူဆရသော ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ အောက်သကန်ကျေးရွာတွင် အရပ်သား နှစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

လက်ရှိတွင် အရပ်သား နှစ်ဦးသေဆုံးကာ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိထားသည်ဟု စစ်ဘေးရှောင်များ အရေး ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက မဇ္စျိမသို့ ပြောသည်။

 “လောလောဆယ်တော့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် သေတယ်။ နောက်ထပ် နှစ်ယောက်က ဒဏ်ရာပြင်းတယ်လို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အဆိုပါဖြစ်စဉ်ကို သတင်းပေးပို့မှုအနေဖြင့် နေ့လယ် ၁ နာရီအထိ မရရှိသေး ကြောင်း ပြန်လည်ဖြေဆိုသည်။

“ တပ်မတော်က အသားလွတ်တော့ ဘယ်သူ့ကိုမှ လိုက်ပစ်စရာအကြောင်း မရှိဘူးလေ။ ဟိုဘက်က ပစ်ခတ်မှု ရှိတဲ့အတွက် ထိတွေ့မှုဖြစ်တဲ့အနေအထားပဲ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက သုံးသပ်သည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို တိမ်ညိုတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်သောကြောင့် မြောက်ဦးဆေးရုံသို့ ပို့ဆောင်နေကြောင်းလည်း ဦးဇော်ဇော်ထွန်းထံမှ သိရသည်။

တိမ်ညိုကျေးရွာတွင် တပ်ချထားသည့် တပ်မတော်စစ်ကြောင်းမှ မတ်လ ၂၉ ရက်၊ နံနက် ၆ နာရီခန့်တွင် အောက်သကန်ကျေးရွာသို့ ဝင်ရောက်စဉ် ဖြစ်ပွားခဲ့ခြင်းဟု သတင်းဌာနအချို့တွင် ဒေသခံများကို ကိုးကား ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့အကြား တိုက်ပွဲများကြောင့် သေဆုံးနှင့် ဒဏ်ရာရရှိသူ စုစုပေါင်း ၅၀ ဦးခန့်အထိ ရှိနေပြီး ပျောက်ဆုံးနှင့် ဖမ်းဆီးခံရသူ ၈၀ ကျော်အထိ ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာနှောင်းမှ ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြား မြို့နယ်တို့တွင် မတ်လ ၂၅ ရက်ထိ စာရင်းများအရ စစ်ရှောင် စခန်း ၃၇ ခု ဖွင့်လှစ်ထားပြီး စစ်ရှောင်လူဦးရေ ၁၄၁၃၉ ဦးရှိကာ နီးစပ်ရာရွာများတွင် ခိုလှုံနေကြသူ ၆၀၈၀ ဦးခန့် ရှိနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required