မန်ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ရန် ဆိုးလ်ရှား ပစ်မှတ်ထား

မန်ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ရန် ဆိုးလ်ရှား ပစ်မှတ်ထား
Photos: AFP

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် အတည်ပြုခဲ့ပြီးနောက် ဆိုးလ်ရှားက အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့  "နှစ်တွေ အကြာကြီး မစောင့်နိုင်ဘူး"လို့ ပြောပါတယ်။

ဆိုးလ်ရှားဟာ မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ၃ လအကြာ ကိုင်တွယ်ခဲ့ရာမှာ ၁၉ ပွဲမှာ ၁၄ ပွဲအထိ နိုင်ပွဲရယူနိုင်ပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့ ကံကောင်းမှုတွေ ပြန်လည်ယူဆောင်လာပြီးနောက်မှာတော့ ကြာသပတေးနေ့က အမြဲတမ်းနည်းပြအဖြစ် ၃ နှစ် စာချုပ်နဲ့ ဂုဏ်ပြုခံခဲ့ရပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပုံစံကောင်းတွေ ပြန်လည်ရယူခဲ့ပေမယ့် သရဲနီတို့ဟာ လိဂ်အမှတ်ပေးဇယားဦးဆောင်နေသူ လီဗာပူးလ်နဲ့ ၁၈ မှတ်၊ ပြည်တွင်းပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ၁၆ မှတ်အထိ ကွာဟလို့နေပါတယ်။

အသက် ၄၆ နှစ်ရှိ ဆိုးလ်ရှားဟာ အိုးလ်ထရပ်ဖို့ဒ်မှာ ကစားသမားဘဝ ၁၁ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား ၆ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ 

ဒါပေမယ့် ၂၀၁၃ မှာ အဲလက်စ် ဖာဂူဆန် အနားယူပြီးနောက်ပိုင်း အသင်းဟာ အမှတ်ပေးဖလားနဲ့ ကင်းကွာနေပြီး ဒါကို အဆုံးသတ်ပေးဖို့အတွက် အခုဆိုရင် သူ့ရဲ့ အလုပ်ဖြစ်လာတယ်လို့ သူက ယုံကြည်နေပါတယ်။

"ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ကိုင်မြှောက်နိုင်ဖို့က ကျနော်တို့ မျှော်လင့်ထားတဲ့အရာဖြစ်ပါတယ်။ ဒါကို ကျနော်တို့ အမြဲမျှော်လင့်နေတာဖြစ်ပြီး အကြိမ်းများစွာလည်း လုပ်ပြနိုင်ခဲ့ပြီးဖြစ်ပါတယ်။"လို့ နော်ဝေလူမျိုး နည်းပြက ပြောပါတယ်။

"ဒီအမှတ်ပေးဖလားချန်ပီယံဆုအတွက် ကျနော်တို့ နှစ်တွေအကြာကြီးတော့ မစောင့်နိုင်ပါဘူး။ ဒါပေမယ့် တစ်ဆင့်ချင်းသွားရမှာဖြစ်ပါတယ်။ အခုချိန်မှာတော့ ကျနော်တို့ဟာ ထိပ်ဆုံးအသင်းတွေရဲ့ နောက်မှာ ရှိနေပြီး ၁၈ မှတ်ထိကွာဟမှုကို အမီလိုက်နိုင်ဖို့ဆိုတာ နေ့ချင်းညချင်းဖြစ်ပျက်နိုင်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။"လို့ သူက ပြောဆိုသွားပါတယ်။ 

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly