ဝန်ကြီးချုပ်အဆိုပြုသော လွှတ်တော်ကိုယ်စားလှယ် ၃ ဦး တနင်္သာရီဝန်ကြီးများအဖြစ် ကတိသစ္စာပြု

ဝန်ကြီးချုပ်အဆိုပြုသော လွှတ်တော်ကိုယ်စားလှယ် ၃ ဦး တနင်္သာရီဝန်ကြီးများအဖြစ် ကတိသစ္စာပြု

မြိတ်၊ မတ် ၂၈ ။             ။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်အဖြစ် အသစ်ခန့်အပ်လိုက်သည့် ဝန်ကြီး ၃ ဦးသည် မတ်လ ၂၈ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ကတိသစ္စာ ပြုခဲ့ကြသည်။

အသစ်ခန့်အပ်လိုက်သော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး ၃ ဦးကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပြုခြင်း ဖြစ်ပြီး ယခင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည်။

စီမံ/ဘဏ္ဍာဝန်ကြီး အဖြစ် ဒေါ်ရီရီချို( ယခင် မြိတ်မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ်) ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ဦးအောင်သူရ( ယခင် တနင်္သာရီမဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ်)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးအဖြစ် ဦးလှထွေး(ရေဖြူမဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ်) တို့ ဖြစ်ပြီး လစ်လပ်နေသည့် တိုင်းဒေသကြီး ဝန်ကြီး ၃ ဦး၏ နေရာအတွက် အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။

 ယင်းသို့ ရာထူး ၃ နေရာ လစ်လပ်ရခြင်းမှာ ယခင် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ခြင်းကြောင့် ဖြစ်ပြီး မတ် ၁၉ ရက်နေ့က တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်တို့ နုတ်ထွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ယခင် တနင်္သာရီဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်လှစ်ခံ ရပြီးနောက် တနင်္သာရီဝန်ကြီးချုပ်(ဟောင်း)နှင့် ပါ ၃ ဦးအား အရေးယူစစ်ဆေးနေပြီးနောက် တိုင်းဝန်ကြီး ၂ ဦး ပါ သဘောဆန္ဒအလျောက် နုတ်ထွက်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 မတ်လ ၂၅ ရက်နေ့တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်သစ် ဦးမြင့်မောင် ကျမ်းကျိန်ဆိုမှု ပြုလုပ်ခဲ့့ပြီးနောက် ယနေ့ မတ်လ ၂၈ ရက်နေ့တွင် ဝန်ကြီးသစ် ၃ ဦးပါ ကျမ်းကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာလဲ့လဲ့မော်အား စစ်ဆေးတွေ့ရှိသည့်ကိစ္စရပ်များတွင် ၂၀၁၆ ခုနှစ် ဧပြီလတွင် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ တွင် ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ် ရှင်းလင်းခြင်းလုပ်ငန်း၊ ထားဝယ်လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းများ၊ ၎င်း၏ မိသားစု ပိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် ၆ ရှိ နှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကို ကာလတန်ဖိုး ကျပ် (၃၂၀)သိန်းကျော် ခန့်သာ တန်ဖိုးရှိသော်လည်း ကျပ်သိန်း(၂၀၀၀)ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်း ကိစ္စရပ်များ ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly