ယာယီနည်းပြ ဆိုးလ်ရှားကို တရားဝင်နည်းပြအဖြစ် ယူနိုက်တက် ခန့်အပ်

ယာယီနည်းပြ ဆိုးလ်ရှားကို တရားဝင်နည်းပြအဖြစ် ယူနိုက်တက် ခန့်အပ်

မန်ချက်စတာ ၊ မတ် ၂၈ ။     ။ အင်္ဂလန်ပရီးမီးယားလိဂ်၏ ကလပ်အသင်းတစ်ခုဖြစ်သော မန်ချက်စတာယူနိုက်တက်အသင်းဟာ ယာယီ နည်းပြ အိုလေးဂန်နာဆိုးလ်ရှားကို သုံးနှစ်စာချုပ်ဖြင့် တရားဝင်နည်းပြအဖြစ်ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

နော်ဝေနိုင်ငံသား ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြ မော်ရင်ဟိုကို ဒီဇင်ဘာလမှာ အသင်းကနေ ထုတ် ပယ်ခဲ့ပြီးတဲ့နောက် ရာသီအကုန်အထိ ယာယီနည်းပြအဖြစ်ကနဦးခန့်အပ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ယာယီနည်းပြ ဆိုးလ်ရှား လက်ထက်မှာ ၁၉ပွဲအနက် ၁၄ပွဲအထိ အနိုင်ရခဲ့ပြီး အောင်မြင်မှုများရရှိလာခဲ့သလို ပရိသတ်၏ အားပေးထောက်ခံမှုကို ရရှိခဲ့ပါတယ်။

“ဒီဇင်ဘာမှာ ယာယီနည်းပြဘဝနဲ့ အသင်းကို သူစရောက်ကတည်းက အသင်းရဲ့ ရလဒ်တွေဟာ ပြောင်းလဲ လာခဲ့ ပါတယ်။အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်တွေ ကောင်းလာသလို သူ့ရဲ့အတွေ့အကြုံကြွယ်ဝမှုတွေကလည်း အသင်းကို အထောက်အကူဖြစ်စေခဲ့ပါတယ်။အသင်းရဲ့ ပုံရိပ်တစ်ခုဖြစ်တဲ့ လူငယ်ကစားသမားတွေကို နေရာ ပေးတဲ့ ပုံသဏ္ဍာန်တွေလည်း ပြန်မြင်လာခဲ့ရပါတယ်။ဒီလိုအဓိပ္ပါယ်တွေကြောင့် သူဟာ အသင်းရှေ့ရေးအတွက် သင့်တော်တဲ့သူတစ်ယောက်ဆိုတာ သေချာစေခဲ့ပါတယ်”လို့ ယူနိုက်တက်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် အက်ဝုဒ်က ဆိုပါတယ်။

ဆိုးလ်ရှားလက်ထက်မှာတော့ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြင်သစ်ကလပ် PSG အသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်အထိ ရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်လည်း အင်္ဂလန် အမှတ်ပေး ပြိုင်ပွဲမှာတော့ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့သလို FA ဖလားပြိုင်ပွဲမှာလည်း ဝုလ်ဗ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

ဒီလိုရလဒ်တွေကြောင့် ဆိုးလ်ရှားကို တရားဝင်နည်းပြအဖြစ် မခန့်ဘဲ စပါးအသင်းရဲ့ နည်းပြ ပိုချက်တီနိုကို ရာသီအကုန်မှာ နည်းပြအဖြစ် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။သို့သော်လည်း မတ်လ ၂၈ရက်နေ့မှာတော့ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို သုံးနှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ တရားဝင် နည်းပြအဖြစ် ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly