ONE: A New Era ပြိုင်ပွဲကြီးအပေါ် မြန်မာနိုင်ငံသားတွေရဲ့ရင်ခုန်သံ

ONE: A New Era ပြိုင်ပွဲကြီးအပေါ် မြန်မာနိုင်ငံသားတွေရဲ့ရင်ခုန်သံ

ONE Championship သည် လာမည့် မတ်လ ၃၁ရက်တွင် ဂျပန်နိုင်ငံ တိုကျိူမြို့တွင် ONE: A NEW ERA ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ ကြီးကို ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကြီးသည် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ World Championship ပွဲစဉ် လေးပွဲအထိပါဝင်ပြီး ONE Championship မှတ်တမ်းတစ်လျောက် အကြီးမားဆုံး သမိုင်းဝင်ပြိုင်ပွဲတစ်ခုဖြစ်သည်။

ယင်းပြိုင်ပွဲကြီးအပေါ် အားကစားသမားများနည်းတူ ကိုယ်စားပြုနိုင်ငံအသီးသီးမှ ပရိသတ်များကလည်း ရင်ခုန်စိတ်လှုပ်ရှားလျက်ရှိသည်။ ဂျပန်ကစားသမား Ken Hasegawa နှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ယှဉ်ပြိုင်ထိုးသတ်ရမည့် အောင်လအန်ဆန်အတွက် မြန်မာနိုင်ငံမှ ပရိသတ်များ၏ ရင်ခုန်သံများကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ဦးသန်းအောင်၊ ၅၃နှစ် (လုံခြုံရေးဝန်ထမ်း)

အောင်လပွဲကတော့ အမြဲတမ်းကြည့်ဖြစ်တယ်။ အိမ်ကမိသားစုနဲ့အတူအေးအေးဆေးဆေးကြည့်ချင်လို့ ရန်ကုန်မှာ လုပ်ရင်တောင် TV ကပဲကြည့်တယ်။ အခုက ဂျပန်မှာ ကျင်းပမှာဆိုတော့ TV ကပဲ အားပေးမှာပါ။ အောင်လပွဲစဉ်ဆိုရင် ကျွန်တော့်ထက် ကျွန်တော့်အမျိုးသမီးက ပိုအားပါတယ်။ သူရှေ့မှာတောင် မကြည့်ရဲဘူး။ အောင်လထိုးတဲ့ အတိုင်း အပြင်မှာ လိုက်ထိုး၊လိုက်ကန်၊ လိုက်ချုပ် သူက စိတ်ရောကိုယ်ပါအားပေးတာ။
 သူတကယ်ဝင်ထိုးနေတဲ့အတိုင်းပဲ။ အောင်လ နိုင်ရင် အရမ်းပျော်ကြတယ်။ ဒီဂျပန် ကစားသမားနဲ့ အောင်လက ထိုးပြီးသားပဲ။ အောင်လပဲဆက်နိုင်မယ်လို့ထင်တယ်။

ဖိုးသော်၊ ၃၄နှစ် (ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား)

ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ရတဲ့အတွက် အိမ်ရှင်ရဲ့ အားသာချက်အရ အမှတ်မတိမ်းမယိမ်းဆို အိမ်ရှင်ကိုအနိုင်ပေးလောက်တယ်။ ကိုအောင်လ အနေနဲ့ အလဲမထိုးနိုင်ရင် လက်ရည်အပြတ်အသတ်ကွာမှ အမှတ်နဲ့နိုင် နိုင်မယ်။ ကိုအောင်လက လေ့ကျင့်ချိန်ရပြီး သေချာပြင်ဆင်ထားတဲ့အတွက် ပွဲကို အကောင်းဆုံး ထိန်းကစားနိုင်မယ်ထင်တယ်။ အမှားလုပ်မိရင်တော့ လုပ်မိတဲ့သူ အရေးနိမ့်ဖို့ များတယ်။ကိုအောင်လက သူရဲ့ ပုံမှန်ဝိတ်တန်း ခါးပတ်ကို ပြိုင်ဘက် အိမ်ကွင်းမှာ ကာကွယ် ရမှာဖြစ်လို့ အခြေအနေအရပ်ရပ်ကို သေချာ သဘောပေါက်ပြီး နည်းဗျူဟာကောင်းကောင်းနဲ့ သေချာပြင်ဆင်ထားလိမ့်မယ်။ ကိုအောင်လ အလဲထိုးပြီး အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်တယ်။

ဒေါ်အိခင် ၊၅၅နှစ် (စျေးသည်)

ဟိုတစ်ခါထိုးတဲ့ ဂျပန်ကြီးနဲ့ပြန်ထိုးမှာမလား။ အဲ့ဒီ ဂျပန်ကစားသမားကလည်း တော်တော်ခံနိုင်ရည်ရှိတယ်နော်။ အောင်လ အလွယ်တကူတော့ နိုင်မှာ မဟုတ်ဘူး။ဒါပေမယ့် အောင်လက ကြိုးဝိုင်းထဲရောက်ရင် ခြင်္သေ့တစ်ကောင်လို၊ ကျားတစ်ကောင်လို ပြောင်းလဲသွားတယ်လို့ ကျွန်မထင်တယ်။ ပုံစံက လုံးဝကြောက်စရာကောင်းသွားတယ်။ ပြိုင်ဘက်ကို မတ်တပ်ရပ်လဲ ထိုးနိုင်တယ်။ လှဲပြီးလည်း နပန်းလုံးနိုင်လို့ အောင်လပဲ နိုင်မှာပါ။ အောင်လကို ပြောပေးပါ။ ပွဲနေ့ကျရင် တစ်မိသားစုလုံး TV ရှေ့မှာ အားပေးနေပါမယ်လို့။

သိန်းစိုးမင်း၊ ၃၃နှစ် (ဘောလုံးသမားဟောင်း)

ပွဲကောင်းမှာ သေချာတယ်။အကြိတ်အနယ်ရှိလိမ့်မယ်။ ဂျပန်ကစားသမားမှာက အိမ်ရှင်ပရိသတ်အားအပြည့်အဝရှိနေတယ်။ ဒါပေမယ့် အောင်လက နောက်ဆုံး ၁ဝပွဲမှာ ၁ပွဲပဲရှုံးထားတယ်။ နောက်ဆုံး ငါးပွဲဆက်အနိုင်ရထားတယ်။ ဒီမှတ်တမ်းက အရမ်းကြောက်စရာကောင်း တယ်။ အောင်လက ယုံကြည်မှုအပြည့်အဝရှိနေနိုင်တယ်။ အောင်လပွဲ နိုင်မယ်လို့ ယုံကြည်တယ်။

ရဲထွဋ်အောင်၊ ၂၈နှစ် (ပန်းထိမ်ဆရာ)

အမှတ်အဆုံးအဖြတ်အထိသွားဖို့များတယ်။ ပထမပွဲ မြန်မာနိုင်ငံမှာ ထိုးတုန်းကတောင် နောက်ဆုံးအချီအထိသွားထားတာဆိုတော့ အခု သူ့အိမ်ကွင်းဂျပန်နိုင်ငံမှာ ထိုးရမှာဆိုတော့ မလွယ်ဘူး။ ပထမပွဲကတော့ တော်တော်ကြည့်ကောင်းတယ်ဗျာ။ နှစ်ယောက်လုံးအကြိတ်အနယ်၊ အလဲအကွဲပဲ။ ပွဲပြီးတော့ နှစ်ယောက်လုံးဖူးယောင်နေတာပဲ။ ဒုတိယအကြိမ်တွေ့တာဆိုတော့ ကစားသမားနှစ်ယောက်လုံးက တစ်ယောက်အကြောင်း တစ်ယောက် တော်တော်သိနေပြီ။ ပွဲက ပိုကောင်းဖို့ပဲရှိမယ်။အောင်လကိုတော့ အပြည့်အဝယုံကြည်ပါတယ်။ အောင်လပဲ နိုင်ပြီးချန်ပီယံခါးပတ်ကို ကာကွယ်သွားနိုင်မှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required